Home သတင်း ကော့ကရိတ်တွင် စစ်ကောင်စီတပ်များ စစ်ရေးအရှိန်မြှင့်ရန် လုပ်ဆောင်နေ

ကော့ကရိတ်တွင် စစ်ကောင်စီတပ်များ စစ်ရေးအရှိန်မြှင့်ရန် လုပ်ဆောင်နေ

1064
Photo: Crd.

ဇူလိုင် ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုဇူလိုင်လအတွင်း တပ်မိသားစုဝင်များအား နေရာရွှေ့ပြောင်းကာ စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်လာပြီး စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်ရန်ပြင်ဆင်မှုများရှိနေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း-ခလရ ၉၇ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် မေလနှင့်ဇွန်လအတွင်း တပ်ရင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဥ်ရှိခဲ့ပြီးနောက်ပိုင်း ယခုလိုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု ခလရ ၉၇ စစ်တပ် အနီးနေထိုင်သည့် သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “မြို့ထဲက ၉၇ တပ်က တော်လှန်ရေးအဖွဲ့တွေရဲ့ ချေမှုန်းစရာနေရာ တစ်ခုလိုဖြစ်နေပြီ။ အခုရက်တွေ ၉၇ တပ်က စစ်သားမိသားစုတွေကို စကခ ၁၂ ဘက်နေရာရွှေ့ထားပြီး စစ်သားတွေစစ်အင်အားတိုးလာနေကြတယ်။ တပ်ဝင်းထဲမှာ စစ်ကြောင်းထွက်မယ့် ပုံစံပြင်ဆင် နေကြတယ်လို့ သိရတယ်။”ဟု ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့ပြင်ဘက် တောင်ပိုင်းရွာသစ်ကုန်းဘက်နှင့် မြောက်ပိုင်းကြောင်လျှာကုန်း ကျေးရွာများ ဘက်တွင် စစ်တပ်စစ်ကြောင်းထိုးလာမည့်သတင်း ဖြစ်ပေါ်နေသောကြောင့် KNLA ပူးပေါင်း တပ်များဘက် ကလည်း စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။

“အခု မြို့တွင်း အခြေအနေက ပိုပိုဆိုးလာတယ်။ စစ်တပ်လက်နက်ကြီးပစ်တော့ ရွာတွေ ရပ်ကွက်တွေဘက် ကျ ပေါက်ကွဲတော့လည်း အရပ်သား ၁ ယောက်သေ၊ ၂ယောက် ဒဏ်ရာရတယ်။ အခုက ရွာနဲ့ မြို့နဲ့ကို ဘယ်လိုမှ သွား လို့မရဲဘူး။ သွားရဲတဲ့လူကတော့ သွားနေကြတာပဲ”ဟု ရွာသစ်ကုန်းကျေးရွာသားတစ်ဦးက ပြောသည်။

လတ်တလော ကော့ကရိတ်မြို့ပေါ် ရပ်ကွက် ၇ ခုတွင် စစ်တပ်နှင့် BGF တပ်များလုံခြုံရေးတင်းကြပ်ထားပြီး မေလနှင့်ဇွန်လအတွင်းက ဒေသခံလူ ၄၀ ကျော် အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးနေသည့်ကိစ္စတွင်လည်း တရားစွဲတင်ခြင်း၊ အမှုကိစ္စအားမိသားစုဝင်များမှ စုံစမ်းမေးမြန်းတွေ့ဆုံခွင့် မရခြင်းများရှိနေကြောင်း ဖမ်းဆီး ခံထားရသူများ၏ မိသားစုဝင်များ ပြောစကားအရ သိရသည်။

ကော့ကရိတ်ဒေသအတွင်း နှစ်ဖက်စစ်ရေးတင်းမာနေမှုမှာ တိုက်ပွဲကြီးများမဖြစ်သော်လည်း ပြောက်ကျား ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်ဖြစ်ပွားနေသည့်အတွက် ဒေသခံကျေးရွာသားများမှာ စပါးစိုက်ချိန် လယ်ယာ လုပ်ငန်းလုပ်ကိုင်ရန် သွားလာရေးခက်ခဲနေကြောင်း သိရသည်။