ဇူလိုင်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ကရင်လူငယ် စသိန်းဇော်မင်းကို ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ၆လ နီးပါးကြာ ဖမ်းဆီးထားပြီးနောက် ၎င်းနှင့်အတူ လူငယ် ၂ ဦးကို ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့တွင် အကြမ်းဖက် ဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆို၍ အလုပ်ကြမ်း နှင့်ထောင်ဒဏ် (၁၀)စီ အပြီးသတ် အမိန့် ချတ်မှတ်ခဲ့ကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က စသိန်းဇော်မင်းကို စစ်ကောင်စီမှ နေအိမ်သို့ သွားရောက် ဖမ်းဆီး ခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က) တို့ဖြင့် တရားစွဲဆို၍ မြောင်းမြထောင် တွင်းတရားရုံး၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူ ကရင်လူငယ်တစ်ဦးက ယခုလို ပြောသည်။
“သူ့ကို မြောင်းမြထောင်တွင်း တရားရုံးမှာ ပုဒ်မ ၅၀(က)၊၅၂(က) အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ချလိုက်ပါတယ်။ သိန်းဇော်မင်းကို ဘာသက်သေမှ ခိုင်ခိုင်လုံလုံ မရှိဘဲ အမိန့်ချမှတ် လိုက်ခြင်းဖြစ်တယ်။ မတရား ပြစ်ဒဏ်ချမှတ်ခံရခြင်းသာဖြစ်တယ်” ဟု ၎င်းလူငယ်က ကေအိုင်စီသို့ ပြောသည်။
ထို့အတူ စသိန်းဇော်မင်းနှင့်အတူ အမှုတွဲ ပါဝင်သည့် စောနေမူး နှင့် မျိုးကျော်တို့ နှစ်ဦးကိုလည်း အဆိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ နှစ်ခုဖြင့် အလုပ်ကြမ်းမပါဝင်ဘဲ ထောင်ဒဏ် ၁၀ နှစ်စီ ပူးတွဲ ချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရရှိမှာဖြစ်ကြောင်းလည်း အဆိုပါ ကရင်လူငယ်က ဆက်ပြောသည်။
စသိန်းဇော်မင်းကို ယခုလို ဖမ်းဆီးအမိန့်ချမှု မတိုင်ခင် ဇန်နဝါရီလအတွင်း ဖမ်းဆီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ်ဖမ်းဆီးမှုမတိုင်ခင် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း အိမ်မဲ ကရင်စာ/ယဉ် ရုံးတွင် စာ/ယဉ် အရေး ကိစ္စများအတွက် အစည်းအဝေး ပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟုတ် မဟုတ် စစ်ဆေးရန်ဟုဆိုကာ ပထမဦးဆုံးအကြိမ် ဖမ်းဆီးခဲ့သေးပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သေးသည်။
အဖမ်းဆီးခံရသူ ကရင်လူငယ်စသိန်းဇော်မင်းသည် ၎င်းနေထိုင်ရာ အိမ်မဲမြို့နယ်အတွင်း ကရင်စာပေ ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအတွက်အပြင် ကရင်လူငယ်များကို အခြေခံကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများကို စာ/ယဉ် နှင့်တွဲဖက်၍ လိုက်လံ ဖွင့်လှစ် ကူညီသင်ကြား ပေးနေခြင်းသာဖြစ်ပြီး စစ်ကောင်စီဘက်မှ စွပ်စွဲပြောဆိုသလို PDF အဖွဲ့ဝင်မဟုတ်ကြောင်း နှင့် ယခုလို အမိန့်ချမှတ်ခံရမှုအပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ၎င်းနှင့် နီးစပ်သည့် နောက်ထပ် ကရင်လူ ငယ်တစ်ဦးကလည်း ပြောသည်။
၎င်းက “သူက ကရင်အမျိုးသားအရေးအတွက်ပဲ လုပ်ဆောင်နေတာပါ။ ဘာမှ PDF မဟုတ်ဘူး။ ကျနော်တို့ ကောင်းကောင်းသိတယ်။ အခုလို မတရားအမိန့်ချခံလိုက်ရတော့ အတော်လေး စိတ်မ ကောင်းဖြစ်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများနည်းတူ လွတ်ငြိမ်းချမ်းသာခွင့် မှာ ပါလာပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ” ဟု ပြောသည်။
စသိန်းဇော်မင်းသည် ယခုလို ဖမ်းဆီးအမိန့်ချမှတ်ခံရမှု မတိုင်ခင် ယခင်ကတည်းက ကရင်စာပေ နှင့် ယဉ်ကျေးမှု ပြန့်ပွားရေး လုပ်ငန်းများအပြင် ကရင့်အမျိုးသားရေး အတွက်ကိုသာ လှုပ်ရှားဆောင်ရွက် နေသူဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုများကြောင့် အာဏာသိမ်းမှု မတိုင်ခင်ကလည်း တစ်ကြိမ်အဖမ်းဆီး ခံခဲ့ရသေးသည်။
စသိန်းဇော်မင်းကို ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် နှစ် ၇၀ မြောက် ကရင် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဦးဆောင်ပြုလုပ်ခြင်းကြောင့် ၎င်း နှင့်အတူ ကရင်လူငယ် စောစာကွာလာတို့ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူးသေးသည်။



















