Home တွေ့ဆုံမေးမြန်းခန်း KNU သစ်တောဌာနတာဝန်ခံနှင့် မေးမြန်းချက်

KNU သစ်တောဌာနတာဝန်ခံနှင့် မေးမြန်းချက်

1179
ပုံ-ကေအိုင်စီ

“သစ်တောထိန်းသိမ်းဖို့က လူတိုင်းမှာ တာဝန်ရှိတယ်။” သစ်တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်း

ဇူလိုင်လသည် ကော်သူးလေစုပေါင်းသစ်ပင်စိုက်သည့်လ ဖြစ်သည်။ ထိုလကို အခြေခံ၍ ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် စုပေါင်းသစ်ပင်စိုက်သည့် အခြေအနေနှင့် သစ်တောထိန်းသိမ်းမှု အခြေအနေများနှင့်ပတ်သက်၍ ကေအဲန်ယူ သစ်တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းအား ဆက်သွယ်မေးမြန်းထားသည်။

၁။ ကော်သူးလေသစ်ပင်စိုက်တဲ့လဖြစ်တဲ့ ဇူလိုင်လမှာ သစ်တောဌာနအနေနဲ့ ဘယ်လိုအစီအစဉ်မျိုးတွေ စီစဉ်ထားပါသလဲ။

ဇွန်လ ၁ ရက်နေ့မှာ ခရိုင်တိုင်းမှာရှိတဲ့ ကော်သူးလေသစ်တောဌာနက စုပေါင်းသစ်ပင်စိုက်တဲ့အစီ အစဉ် တွေရှိတယ်။ ဒီလမှာက ကော်သူးလေ စုပေါင်းသစ်ပင်စိုက်တဲ့လပေါ့။ ဘယ်ခရိုင်မှာ ဘယ်နှစ်ကြိမ် စုပေါင်းစိုက်ပြီးလဲတော့ သူတို့တင်ပြလာမှ သိမယ်။ ပြီးတော့ ခရိုင်တစ်ခုမှာ သစ်ပင်ပေါင်းဘယ်လောက်စိုက်မလဲ ဆိုတာလည်း မတင်ပြလာရသေးဘူး။ ကျနော်တို့ ကော်သူးလေ သစ်ပင်စိုက်နေ့ ရည်ရွယ်ချက်က သစ်တောမပြုန်းတီးဖို့ သစ်တွေများလာဖို့ဖြစ်တယ်။

နောက်တစ်ချက်က သစ်တောဌာနနဲ့ ဒေသခံလူထုတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုအားကောင်း လာဖို့အတွက်ဖြစ်တယ်။ နောက်တစ်ခုက တောတောင်သဘာဝ စိမ်းလန်းစိုပြေပြီး များလာဖို့ဖြစ်တယ်။ ကျနော်တို့ ကော်သူးလေသစ်ပင်စိုက်နေ့ လုပ်တာဟာ ၂၀၁၆ ခုနှစ်၊ ၁၆ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှာ ကျနော်တို့ အဆိုတင်သွင်းတယ်။ အစက ဇွန်လမှာအဆိုတင်သွင်းတယ်။

ဒါပေမယ့် အဲဒီနှစ် ဇွန်လမှာ မိုးမ များသေးဘူး။ နေပူသေးတယ်ဆိုတော့ ဇူလိုင်လ (၁)ရက်နေ့မှာ ကျနော်တို့ဌာနက ပြန်ပြောင်း သတ်မှတ် လိုက်တာဖြစ်တယ်။ အခုဆိုရင် (၆)ကြိမ်မြောက်ဖြစ်သွားပြီပေါ့နော်။ ဇူလိုင်လ (၁)ရက်နေ့ တစ်ရက်ထဲ လုပ်ရင်တော့ တချို့နေရာမှာက ရာသီဥတုကြောင့် ဒေသအခြေအနေကြောင့် တစ်ရက်ထဲလုပ်ရင်တော့ အဆင် မပြေဘူး။ အဲဒါကြောင့် ဇူလိုင်တစ်လလုံးမှာ အဆင်ပြေတဲ့ရက်ပူးပေါင်းစိုက်လို့ရတယ်တယ်ဆိုပြီး ပြန်ပြောင်း လိုက်တယ်။ အဲဒါကြောင့် ဇူလိုင်လတစ်လလုံးမှာ ကော်သူးလေစုပေါင်းသစ်ပင်စိုက်တဲ့လလို့ သတ်မှတ်လိုက်တာဖြစ်တယ်။

မေး။ ။ ကော်သူးလေနယ်မြေမှာ နှစ်စဉ်သစ်ပင်ပေါင်း ဘယ်လောက်စိုက်လဲ၊ ဘယ်လိုနေရာမျိုးတွေမှာ သစ်ပင်စိုက်ကြလဲ။

ဒေသအခြေအနေအကြောင်းကြောင့် ခရိုင်တိုင်း စုပေါင်းသစ်ပင်မစိုက်ရတဲ့နှစ်တွေရှိတယ်။ ပျမ်းမျှခြင်း အားဖြင့်တော့ တစ်နှစ်ကို အပင်ပေါင်း ၂ သိန်းကျော်လောက်တော့ရှိတယ်။ မူတြော်ခရိုင်၊ တောင်ငူခရိုင်၊ သထုံခရိုင် နဲ့ ဖားအံခရိုင်တွေမှာတော့ နှစ်တိုင်း စုပေါင်းစိုက်ဖြစ်တယ်။

မေး။ ။ သစ်ပင်စိုက်တဲ့နေရာမှာ ဘယ်လိုသစ်အမျိုးအစားတွေကို အဓိက စိုက်ဖြစ်ကြလဲ၊ အဲဒီသစ်ပင်တွေ ရှင်သန်အောင် ဘယ်လိုပြန်ထိန်းသိမ်းသလဲ။ ဘယ်သူတွေက ထိန်းသိမ်းစောင့်ရှောက်လဲ။

အပင်က အမျိုးမျိုးစိုက်တယ်။ တောကောင်တွေ စားလို့ရတဲ့အပင်တွေ၊ ကမ်းမပြိုအောင် ထိန်းပေးတဲ့အပင်တွေ၊ ကျွန်းပင်၊ အင်ပင်၊ သစ်တိုပင်ပြီးတော့ တစ်ခြားတောပေါက် အပင် တော်တော်များ များစိုက်ဖြစ်တယ်။ စိုက်ထားတဲ့အပင်တွေ ရှင်သန်ကြီးထွားလာဖို့က ဒေသတာဝန်ရှိသူတွေကပဲ ပြန်လည်ကြည့် ရှုထိန်းသိမ်းပေးတယ်။ စိုက်ပြီးတော့ ပြီးတာမဟုတ်ဘဲ ပြန်ကြည့်ရှုထိန်းသိမ်းဖို့က သူတို့အစီ အစဉ်သူတို့တော့ရှိပါတယ်။


မေး ။။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေမှာ သစ်တောထိန်းသိမ်းရတဲ့အခြေအနေ ဘယ်လိုရှိလဲ။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ကေအဲန်ယူနယ်မြေအတွင်း သစ်တောထိန်းသိမ်းတဲ့နေရာမှာ ဘယ်လို စိန်ခေါ်မှုတွေ ကြုံရသလဲ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒေသအတွင်းမှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတယ်ဆိုတော့ သစ်ထုတ်တဲ့အပိုင်းတွေက မရှိသလောက်ဖြစ်သွားတယ်။ ဒါက တစ်ဖက်ကကြည့်ရင် သစ်တောပြုန်းတီးမှု အတွက်ကတော့ ကောင်းသွားတယ်လို့ ပြောလို့ရတယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ တိုက်ပွဲတွေကြောင့် တချို့က ပြန်ပြီးကြည့်ရှုမထိန်းသိမ်းနိုင်တော့ တချို့က လာခိုးထုတ်တဲ့လူတော့ ရှိရင်ရှိမယ်။ ဒါပေမယ့် အရင်ကထက်တောာ့ တော်တော်လေးတော့နည်းသွားတယ်။ နောက်တစ်ခုက တိုက်ပွဲကြောင့် လမ်းတွေက သွားလို့မရဘူး။ လမ်းတွေပျက်စီးသွားတယ်။ အဲလိုတွေရှိတော့ သစ်တောအတွက်က အကာအကွယ်တစ်ခုတော့ဖြစ်တယ်။

မေး ။ ။ သစ်တောသစ်ပင်တွေဟာ ကရင်တိုင်းရင်းသားလူမျိုးအတွက် ဘယ်လောက်အရေးကြီးလဲ။

ကျနော်တို့ ကရင်လူမျိုးတွေဟာ သစ်တောသစ်ပင်တွေနဲ့ပဲ မှီခိုနေပြီးအသက်ရှင်တယ်။ ကရင်လူမျိုးရဲ့ ဓလေ့ထုံးထမ်းဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအရဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုဖြစ်စေ၊ အားလုံးက သစ်တောတွေနဲ့ ပဲပတ်သက်ဆက်နွယ်တယ်။ ဒါတွေမကဘဲ စိတ်လုံခြုံမှုရှိဖို့အတွက် သစ်တောရှိမှ သူတို့အတွက် အဆင်ပြေတယ်။ အခုချိန်ထိ သစ်တောမရှိရင် အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် အဆင်မပြေဘူး၊ သစ်တောရှိမှအဆင်ပြေတယ်။ သစ်တောကိုပဲ မှီခိုနေရတာဖြစ်တယ်။


မေး။ ။ ကေအဲန်ယူထိန်းချုပ်နယ်မြေမှာ သစ်တော ဧကပေါင်းဘယ်လောက်ရှိလဲ၊ ဘယ်ခရိုင်၊ ဘယ်မြို့နယ်ထဲမှာ ပေါများသလဲ။

ကေအဲန်ယူနယ်မြေထဲမှာ သစ်တောအများဆုံးက ဘိတ်-ထားဝယ်ခရိုင်မှာတော့ အများဆုံးဖြစ်တယ်။ ကေအဲန်ယူနယ်မြေမှာ သစ်တောဧကပေါင်းတောာ့ ကျနော်တို့ စာရင်းတိကျ မလုပ်ရသေးဘူး။ ဒါပေမယ့် သစ် တောကြိုးဝိုင်းက ၈၀ ကျော်ရှိတယ်။ တိရိစ္ဆာန်တွေကို ဘေးမဲ့ပေးတဲ့ကာကွယ်တောက ၁၃ ခုရှိတယ်။ ပြီးတော့ ရပ်ရွာတွေမှာလည်း ဒေသခံတွေ ထိန်းသိမ်းတဲ့ ကြိုးဝိုင်းတွေရှိသေးတယ်။ အဲဒါတော့ ဒေသအလိုက် ရွာအလိုက်ထိန်းသိမ်းတဲ့ သစ်တောတွေရှိသေးတယ်။

ခရိုင်(၇)ခုမှာတော့ ဧက ၃သိန်းကျော်ရှိတယ်။ ခုနကပြောတဲ့ ကြိုးဝိုင်းတွေကတော့များတော့ ကျနော်တို့ တိကျတော့ တိုင်းထွာစာရင်း မပြုစုရသေးဘူး။ ကျနော်တို့ တိုင်းထွာနိုင်တာက တစ်ဝက်လောက်ပဲရှိတယ်။ ကြိုးဝိုင်း အများဆုံးရှိတာက ရောနှောအုပ်ချုပ်တဲ့နယ်မြေမှာရှိတော့ သွားရောက်တိုင်းတာနိုင်ဖို့က အခက်အခဲတွေရှိသေးတယ်။

မေး။ ။ သစ်တောထိန်းသိမ်းတဲ့နေရာမှာ လူထုတွေနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်နေသလဲ။ သစ်တောထိန်းသိမ်းရတဲ့နေရာမှာ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေရှိပါသလဲ။

လူထုတွေ ပူးပေါင်းလုပ်ဆောင်ပြီး မထိန်းသိမ်းရင်တော့ သစ်တောတွေက ကာကွယ်လို့ရမှာ မဟုတ်ဘူး။ သူတို့တွေ ပူးပေါင်းလုပ်ဆောင်ဖို့ အားရှိအောင် သစ်တောနဲ့ပတ်သက်ပြီး သူတို့ကို အုပ်ချုပ်ထိန်းသိမ်းခွင့် ပေးရ တယ်။ သူတို့က သစ်တောထဲမှာနေထိုင်တဲ့အတွက် သစ်တောကို ကာကွယ်ဖို့မှာ အခွင့်အရေးရှိတာကို သူတို့ သိအောင် လုပ်ပေးရတယ်။

ကာကွယ်ရမယ့်အခွင့်အရေးရှိတာကို သူတို့သိမှပဲ ကာကွယ်နိုင်မယ်။ သစ်တောရှိရင် သူတို့အိမ်ဆောက်လို့ရတယ်၊ တောထဲမှာ တောကောင်တွေ ရှာဖွေစားသောက်လို့ရမယ်။ ဒါတွေက သူတို့ ရပိုင်ခွင့် အခွင့်အရေးတွေပေါ့။ အဲဒါတွေသိတော့ သူတို့ ကာကွယ်တယ်။ တချို့နယ်မြေက ပဒိုဘက်ကထိန်းသိမ်းတယ်၊ တချို့နယ်မြေက ဒေသခံလူထုတွေကို စီမံထိန်းချုပ်အုပ်ချုပ်ခွင့်ပေးတယ်။

ပြီးတော့ ရေအရင်းအမြစ်ကာကွယ်ဖို့ ကော်မတီတွေသွားဖွဲ့ပေးတယ်။ ဒေသခံ လူထုတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရတဲ့အခါမှာ အခက်အခဲရှိတာက ဒေသအတွင်းမှာ အဖွဲ့အစည်းတွေများတယ်။ ပြီးတော့ နောက် တစ်ခုက အခုအချိန်တော့မဟုတ်ဘူး။ အာဏာမသိမ်းခင်တုန်းကဆိုရင် ကျနော်တို့ သစ်တောနယ်မြေထဲမှာ နယ် မြေ ဖွံ့ဖြိုးရေးအတွက် လမ်းတွေလာဖောက်တာရှိတယ်။ နောက်ပြီး ဥပဒေနဲ့မညီဘဲ သစ်တောတွေ ဝင်ခုတ် သစ်တွေလာထုတ်တာရှိတယ်။ သစ်တောထဲမှာ ဝင်နေတယ်။ အဲဒါတွေကြောင့် ကျနော်တို့ သစ်တော ထိန်းသိမ်းကာကွယ်ဖို့က အခက်အခဲတွေရှိလာတယ်။ နောက်တစ်ခုက ကျနော်တို့က ငွေကြေးအင်အား အားနည်းတယ်၊ ဝန်းထမ်းအင်အား အားနည်းတယ် အဲဒါတွေလည်းပါတယ်။


မေး ။ ။ ကော်သူးလေသစ်ပင်စိုက်နေ့အထိမ်းအမှတ်အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ကျနော်တို့က သစ်တောနဲ့အတူ မှီတင်းနေထိုင်တယ်။ သစ်တောက ကျနော်တို့ရဲ့ အသက်သွေး ကြောဖြစ်တယ်။ နောက်တစ်ခုက သစ်တောတွေကို အမှီပြုပြီးလုပ်တဲ့ ရိုးရာဓလေ့ထုံးတမ်းနဲ့ပတ်သက်တာတွေကို လုပ်တာလည်းနည်းလာတယ်။ သစ်တောကို ထိန်းသိမ်းကာကွယ်တဲ့ ရိုးရာဓလေ့ဟာ သစ်တောအတွက် ရေအရင်းအမြစ်အတွက် အများကြီးကို အထောက်အကူပြုတယ်။

အဲဒါကြောင့် အဲဒီ ရိုးရာဓလေ့ထုံးတမ်းကို မပျောက်ပျက်အောင် ကျနော်တို့ပြန်လုပ်ရမှာဖြစ်တယ်။ သစ်တောထိန်းသိမ်းဖို့က လူတိုင်းမှာတာဝန်ရှိတယ်။ အခုဆိုရင် ကျနော်တို့ သစ်တောမြေတွေဟာ တဖြည်းဖြည်းနဲ့ နည်းလာတယ်၊ ပြုန်းလာတယ်။ သစ်တောပြုန်းတီးလာတာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ အမျိုးမျိုးဖြစ် လာတယ်။ ရာသီဥတုပူလာတယ်၊ ရေရှားပါးလာတယ်၊ တောထွက် အသီးအနှံတွေနည်းလာတယ်၊ တောတွင်း သားရဲတိရိစ္ဆာန်တွေ ရှားပါးလာတယ်။ အဲဒါကြောင့် လူတိုင်းမှာ သစ်တောထိန်းသိမ်း ကာကွယ်ဖို့ တာဝန်ရှိတယ်။ အားလုံးပူးပေါင်းလုပ်ဆောင်မှရမယ်လို့ ပြောချင်ပါတယ်။