Home ကဗျာ သမိုင်းလှ အညတရကြယ် (ကဗျာ)

သမိုင်းလှ အညတရကြယ် (ကဗျာ)

607

သမိုင်းလှ အညတရကြယ်

မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်)

ဇူလိုင် ၃၀၊ ၂၀၂၃။

ငယ်ငယ်က
အေးတိအေးစက် ဖြူနွဲ့နွဲ့နဲ့
စာမဖွဲ့လောက်တဲ့ကောင်။

မင်းအဖေ စိန်ကုလားနဲ့ ငါ……
မင်းတို့ကရင်ရွာလေးကို
ကျေးလက်လမ်းကျဉ်းလေး လာခင်းတော့
မင်းက …..
ဖာသိဖာသာကောင်
လူမှုရေး၊ အမျိုးသားရေး ဘာမှမရှိ
ဘာနိုင်ငံရေးမှ မသိတဲ့ကောင်။

ပြီးခဲ့တဲ့နွေတစ်ဉီး
နိုင်ငံရေးလေအလူးမှာ
အာဏာရူးတွေ စိတ်ရူးထ
ပြည်သူ့ဆန္ဒ ပြည်သူ့ဘဝတွေကို
မတရား ဖျက်ဆီးလိုက်ကြတဲ့အချိန်မှာ
မင်းက …
ဗိုလ်အယ်စေးဝါး၊ ဗိုလ်စောလားတို့နဲ့အတူ
KNLA ပူးပေါင်းစစ်ကြောင်းမှာ
စနိုက်ပါလက်ဖြောင့်… တဲ့။

ဒီကောင်…
မလောက်လေး မလောက်စားနဲ့
ဘာအရူးတွေ ထတာလဲလို့
ငါ့ညီပဲဆိုပြီး ငါမပြောရဲတော့ဘူး
မင်းတို့လိုအရွယ် လူငယ်တွေက
ဒီတော်လှန်ရေးမှာ အသက်ကိုမနှမျောဘဲ
အုံနဲ့ကျင်းနဲ့ စစ်မိစ္ဆာတွေကို
တော်လှန်နေကြတာ
အထင်ကြီး လေးစားစရာလေကွာ…။

၂၆. ၆.၂၀၂၂ နေ့
ဥကရစ်ထတိုက်ပွဲမှာ
အရင်ဆုံး အသက်ပေးလိုက်ရတာ
မင်း ….တဲ့။

ခွေးချီသွားတဲ့ မင်းအလောင်းတော့
ငါတို့ ပြန်မရတော့ဘူး။
ခုတော့……..
အနီတစ်ဝက် အစိမ်းတစ်ဝက်နဲ့
ကဖျက်ယဖျက်တွေပေါတဲ့
ငါတို့ ကုလားကွင်းရွာ
မင်းကြောင့် အာဇာနည်ရွာဖြစ်သွားရပြီ။

ဒီတော်လှန်ရေးကြီး ပြီးရင်တော့
ဧရာဝတီကမ်းနံဘေးက
ခြေတံရှည် သစ်သားနှစ်ထပ် ကရင်အိမ်ကလေးဘေးမှာ
မင်းအတွက်…..
ကျောက်တိုင်တစ်တိုင်စိုက်
မင်းနာမည်ရဲ့ထိပ်တည့်တည့်မှာ
“သမိုင်းလှ….အညတရကြယ်”လို့
ငါကမ္ဗည်းထိုးပေးပါ့မယ် ညီလေး…။

ငါတို့က
ရှင်နေရပေမဲ့
မကောင်းတဲ့သမိုင်းအောက်မှာ လမ်းပျောက်
မင်းက သေသွားပေမဲ့ သမိုင်းလှ
တော်လှန်ရေးကောင်းကင်ထက်က အညတရကြယ်
အကို….. အလေးနီပြုလိုက်တယ်… ညီလေး။

# ဩဂုတ်လ ၁၂ရက်သည် ကရင့်အမျိုးသားအာဇာနည်နေ့ဖြစ်ရာ ၂၀၂၂ခုနှစ်က ဥကရစ်ထတိုက်ပွဲတွင် ကျဆုံးသွားခဲ့ သော ကရင်လူငယ်အာဇာနည် စကျော်ဇင်ထွန်း (ရဲဘော် ဂျော်နီထူး)အား ဤကဗျာဖြင့် ဂုဏ်ပြုပါသည်။