Home သတင်း ဖားအံနှင့် မြဝတီတွင် စမတ်ကတ်မှတ်ပုံတင်များလုပ်ရန် အချက်အလက်ကောက်ယူနေ

ဖားအံနှင့် မြဝတီတွင် စမတ်ကတ်မှတ်ပုံတင်များလုပ်ရန် အချက်အလက်ကောက်ယူနေ

2149

ဇူလိုင်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်ဖားအံမြို့တွင် ရိုဟင်ဂျာလူမျိုးစုများနှင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF အဖွဲ့အစည်းများကို စိစစ်ဖမ်းဆီးရန်အတွက်ဟုဆိုကာ ယခု ဇူလိုင်လ ၁ရက်နေ့မှစပြီး စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုများထံမှ ကိုယ်ရေးရာ ဇဝင်အချက်အလက်များ ကောက်ခံနေသလို မြဝတီမြို့ဘက်တွင်လည်း အိမ်ထောင်စုစာရင်း ကောက် ယူမှုများစလုပ်နေပြီဟု မြို့ခံများထံမှ သိရသည်။

ဖားအံစစ်ကောင်စီ ဝန်ထမ်းမိသားစုဝင်တစ်ဦးက “စစ်ကောင်စီ လဝကက ဌာနဝန်ထမ်းတွေကို မှတ်ပုံတင် စမတ်ကတ် လုပ်ဖို့ စာရင်းကောက်တယ်။ နောက်တော့ ဝန်ထမ်းမိသားစုတွေကို ဆက်ပြီး စာရင်း ကောက်တယ်။ သူတို့ပြောတာက PDF တွေ မြို့ကိုလာရင် စစ်လို့မိအောင်ရယ် ၊ ဘင်ဂါလီတို့ ခိုးဝင်မလာအောင်ရယ် စစ်ဆေးလို့လွယ်အောင် ဒီဂျစ်တယ်စမတ်ကတ် ပြောင်းလုပ်ပေးတာလို့ ပြော တာပဲဗျ”ဟု ပြောသည်။

ထို့အပြင် မြဝတီမြို့တွင်လည်း ဇူလိုလ ၄ရက်မှစပြီး စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများအပြင် အမှတ် ၁ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံများကို သန်းခေါင်စာရင်း အချက်အလက်များ ရပ်ကွက်အုပ် ချုပ်ရေးရုံးတွင် လာစာရင်းပေးသွင်းကြရန် လုပ်ဆောင်နေမှုရှိနေကြောင်း မြဝတီ မြို့ခံတစ်ဦးက ပြောသည်။

“ နောက်ဆို အဲ့ဒါကို ဂိတ်တွေကစစ်ရင် ဘယ်သူ ဘယ်ဝါဘယ်မှာနေတယ်ဆိုတာ ချက်ချင်းသိအောင်လို့ လုပ်ဖို့အဲ့ဒီကတ်တွေ ပြောင်းလုပ်ပေးမယ်လို့တော့ ကြားထားတယ်။ မြဝတီအမှတ် ၁ရပ်ကွက်က အစ္စလာမ်ဘာသာဝင်တွေ နေတာများတယ်၊ ပျံကျနေထိုင်တာတွေများတော့ သန်းခေါင်စာရင်း မရှိ မှတ်ပုံတင်မရှိကြတာများတယ်။ ရပ်ကွက် ထောက်ခံချက်တို့စာရင်းထဲ ပါအောင် လုပ်တာတို့မှာတော့ မသမာမှုတွေ လာဘ်ပေးလာဘ်ယူတွေရှိလာမယ် ထင်ပါတယ်။” ဟု ၎င်းမြဝတီ ဒေသခံက ပြောသည်။

အဆိုပါ မှတ်ပုံတင်ကတ်အစား ဒီဂျစ်တယ်စနစ် စမတ်ကတ်လုပ်ဆောင်သည့်ကိစ္စကို စစ်တပ်ဘက်က လုပ်ဆောင်နေသော်လည်း နယ်မြေဒေသအတွင်း ခရီးသွားလာရာတွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ် များက မှတ်ပုံတင်စစ်ဆေးမှု ၊ ငွေညှစ် ဖမ်းဆီးမှုများအား နေ့စဥ်လုပ်ဆောင်မှုမှ ဌာနဆိုင်ရာ ဝန်ထမ်း များဝင်ငွေ ကောင်းနေကြကြောင်း နီးစပ်သူများက ပြောသည်။

လတ်တလောတွင် စစ်အာဏာသိမ်း ကာလ ၂ နှစ်ကျော်အတွင်း ကရင်ပြည်နယ် မြဝတီ၊ ကျုံဒိုး၊ ကော့က ရိတ်မြို့ စစ်ဆေးရေးဂိတ်များတွင် မတရားဖမ်းဆီး ထိန်းသိမ်းကာ တောင်ကလေး ထောင်တွင် ထောင်ချခံထားရသည့် ရိုဟင်ဂျာ ၊ ဘင်ဂါလီ အကျဥ်းသား/သူ ၁၀၀ ကျော်ရှိနေပြီး ကော့ကရိတ်မြို့ လဝကဌာနတွင်လည်း အသက်မပြည့်သေးသည့် ရိုဟင်ဂျာ၊ ဘင်ဂါလီ ကလေးငယ် ၁၀ဦးကျော် ထိန်းသိမ်းခံထားရကြောင်း လဝကဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။