Home သတင်း နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကြိုးပမ်းမှု NCA အပစ်ရပ်အဖွဲ့များကြိုဆို

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကြိုးပမ်းမှု NCA အပစ်ရပ်အဖွဲ့များကြိုဆို

1329

ဇူလိုင်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ၏ မြန်မာ့ငြိမ်းချမ်းရေး နှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထောက်ခံကြိုဆိုကြောင်း ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်သည်။

ထုတ်ပြန်ချက်တွင် NCA အပစ်ရပ်အဖွဲ့(၇)ဖွဲ့အနေဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် ဂျပန်အစိုးရမှ တာဝန်ပေးအပ်ထားသည့် မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အဖြစ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ရန် ထောက်ခံကြိုဆိုခြင်းဖြစ်ပြီး ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသော မိမိတို့၏ ပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

“လောလောဆယ် နီပွန်ကလုပ်တဲ့လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ကျနော်တို့ ပူးပေါင်းလုပ်ဆောင်တာပါ။ စစ်ဘေးရှောင်တွေဆီကို နီပွန်ကပို့ပေးတဲ့ ဆန်ဆိုလည်းဆန်ပေါ့ စတာ တွေကို ကျနော်တို့က ပို့ပေးတယ်။ နောက်တစ်ခုက လေးကေကော်မှာ မြို့သစ်ဆောက်ပေးသလိုမျိုး အခြားနေရာတွေမှာလည်း သူတို့ဆောက်ပေးနေတာရှိတော့ ကြိုဆိုတဲ့အကြောင်းပေါ့” ဟု ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဆက်လက်ပြီး ယခင်အစိုးရများ လက်ထက်ကတည်းက တိုင်းရင်းသားနယ်မြေအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ဒုက္ခသည်များအား ကူညီပံ့ပိုးပေးနေသည့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် ၎င်း၏ အဖွဲ့ အစည်းကို တက်ကြွလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့၏ တိုက်ခိုက်ထိုးနှက်နေမှုအပေါ် ကန့်ကွက် ရှုတ်ချကြောင်းလည်း အဆိုပါ NCA အပစ်ရပ်အဖွဲ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အတူ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ရသည့်စစ်ဘေးရှောင် ပြည်သူများ စားဝတ်နေရေးအဆင်မပြေအခက်အခဲဖြစ်နေသည့်အချိန်တွင် ယခုလို အကူအညီမျိုးလိုအပ်နေသည်ဟု NCA အပစ်အရပ်လက်မှတ်ထိုးထားသော ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ဗဟိုစစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ယခုလိုပြောသည်။

“လူသားချင်းစာနာမှု အထောက်အကူပြု အဲလမ်း‌ကြောင်းကနေပြီးတော့ ဒီနိုင်ငံရဲ့ တည်ငြိမ်မှုကို ရှာဖွေ မယ် ဆိုတဲ့သဘောလေ၊ ကျနော်တို့ရပ်ရွာက လူတွေအကူအညီရဖို့အတွက် ကြိုးစားရတာပေါ့”ဟု ဗိုလ်မှူးကြီး စောစိန်ဝင်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် NCA အပစ်ရပ်အဖွဲ့များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား‌ လွတ်မြောက်ရေး တပ်မတော် /ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC)၊ လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ် ပါတီ(NMSP)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့က သဘောတူလက်မှတ် များရေးထိုးထုတ်ပြန်ထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အရင်ပူးပေါင်းဆောင်ရွက်တာတွေ၊ ရိက္ခာယူတာတွေက အားလုံးအတူတူဆိုတော့ (၇)ဖွဲ့လို့ထည့်တာပါ။ ထုတ်ပြန်ချက်အတွက် RCSS (သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ) ဆီက ဆုံးဖြတ်ချက်မရသေးတော့ သေချာတဲ့ ၆ ဖွဲ့ပဲထည့်လိုက်တာ။ နောက်မှပဲ တစ်ဖွဲ့ချင်းအနေနဲ့ပါမလား၊ ကျနော်တို့နဲ့ပူးပေါင်းပြီးတော့ပဲ ပါမလား တော့ မသိသေးဘူး” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ထို့အတူ မစ္စတာ ဆာဆာကာဝါ ဦးဆောင်သည့် နီပွန်းဖောင်ဒေးရှင်းသည် တိုင်းရင်းသား ဒေသ ဖွံ့ဖြိုးရေး အတွက် မြို့သစ်စီမံကိန်းများ ထောက်ပံ့ခြင်း၊ ဆေးရုံစာသင်ကျောင်းများအပြင် NCA-EAO (၇)ဖွဲ့၏ နယ်မြေအတွင်း ၂၀၂၂ မှ၂၀၂၃ ခုနှစ်အတွင်း ဆန်အိတ်ရေ ခြောက်သောင်းကျော် ဖြန့်ဝေနိုင်ခဲ့ပြီး ဆက် လက်၍ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင်လည်း ဖြန့်ဝေနိုင်ရန်စီစဉ်လျက်‌ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရှိရသည်။