ဇူလိုင် ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့အနီးရှိ စစ်ရေးဗျူဟာအရ အရေးပါလှသည့် စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဇူလိုင် ၂၀ရက်မှ ၂၁ရက်နေ့အထိ ၂ရက်ကြာ တိုက်ခိုက်မှုပြုလုပ်ပြီး သိမ်းယူနိုင်ခဲ့သည်ဟု KNLA ၏ ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ် စောကော်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းအမြောက်အများ လည်း KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိကာ KNLA ပူးပေါင်းတက်ဘက်မှ (၆)ဦးထိခိုက် ဒဏ်ရာရရှိ ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ဇူလိုင်လ ၂၁ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်က “ ဒီလက်ခတ်တောင်ကုန်းက ကျနော်တို့ လွယ်လွယ်နဲ့ တက်ရောက် တိုက်ယူလို့ရတာမဟုတ်ဘူး။ ခက်ခက်ခဲခဲနဲ့ပဲ။ ဒီကုန်းကို ရအောင်တိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက် ရအောင်တက်တယ်။ စစ်ရေးအရ အရေးကြီးတယ်။ ပြီးတော့ ကျနော်တို့သွားလာရင် ကျနော်တို့ကို ခဏခဏ ပစ်တယ်။ အဲဒါကြောင့် ကျနော်တို့ တက်ရောက်တိုက်ခိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ် တာဝါတိုင်စခန်းကုန်းပေါ်တွင် ခြေမြန်တပ်ရင်း -ခမရ(၁၁၈)၊ လ(၈) တပ်ရင်းမှ အင်အား ၆၀ ဝန်း ကျင်ရှိကာ KNLA ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings ပူးပေါင်းတပ်တို့က တက်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၁ရက်၊ နံနက် (၅)နာရီအချိန်တွင် လက်ခတ်တောင်ကြောတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
စခန်းတက်ရောက်မသိမ်းခင် အချိန် ၁၀ ရက်ခန့်ကြာ လက်ခတ်တောင် အနီးအနားဝန်းကျင်တွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး အမြောက်အများ နေ့စဉ်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်ဟု ကော်ဘရာ ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်က ဆက်ပြောသည်။
စစ်ကောင်စီ လက်လွတ်လိုက်ရသော ထိုစခန်းကုန်းသည် စစ်ရေးအရ နေရာကောင်းတစ်ခုဖြစ်သလို စစ်ကောင်စီ၏ နယ်မြေစိုးမိုးကုန်းတစ်ခုဖြစ်ကြောင်း၊ (၁၂၀)မမ လက်နက်ကြီး ပစ်ခတ်သည့်နေရာတွင် မဲကနယ်၊ သဘလူခို့ခီးကျေးရွာနှင့် လေးကေကော်အပါအဝင် ကရင်ကျေးရွာအမြောက်အများကို ပစ်မှတ်ထားပစ်ခတ်ရန် အမှတ်အသားလုပ်ထားခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ကော်ဘရာ ဒုစစ်ကြောင်းမှူးက ပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သည့် ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammer စက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း(၁)ပြောင်း၊ ကွန်မန်ဒို 60mmပြောင်း(၂)လက်၊ 40mm(၉)လုံး၊ G3 ကျည်ဘောက် (၄)ခု၊ MA ကျည်ဘောက်(၂)ဘောက်၊ စစ်ခမောက်(၈)လုံး၊ RPGပို့ယမ်း(၃)တောင့်၊ RPGသီး(၁)လုံး၊ 7.62ကျည်(၁၈၈၀)တောင့်နှင့် 5.56 ကျည်(၃၀၂)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကောင်၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြပါရှိသည်။



















