Home သတင်း ၇ လကျော်ကြာ မီးပြတ်တောက်နေသည့် မြဝတီမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိ

၇ လကျော်ကြာ မီးပြတ်တောက်နေသည့် မြဝတီမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိ

1272

ဇွန်လ ၁၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၇ လနီးပါး လျှပ်စစ်မီးပြတ်တောက်သွားပြီးနောက် ယမန်နေ့ ဇွန်လ ၁၅ ရက် ၊ ည၁၁ နာရီအချိန်မှစကာ လျှပ်စစ်မီးများ ပုံမှန် ပြန်လည်ရရှိနေပြီးဖြစ်ကြောင်း မြဝတီမြို့ခံများက ပြောသည်။

မြဝတီမြို့နယ်အတွက် လျှပ်စစ်ဓာတ်အားပေးနေသည့် သင်္ဃန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံပင်မ (Transformer)ထရမ်စဖော်မာသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့ကာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ဒေသခံတစ်ဦးက “ည ၁၁ နာရီလောက်က တစ်မြို့လုံးမီးပြန်လာနေတယ်။ ၇ လကျော် မီးပြတ်ပြီးတော့ အခုမှပြန်လာတော့ ပျော်တာပေါ့။ အရင်ဆို မီးစက်ဓာတ်ဆီထည့်ပြီးသုံးရတော့ အဆင် မပြေဘူး။ အခုက လာတော့လာနေတာပဲ ဘယ်အချိန်ပြန်ပြတ်မလဲမသိသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြဝတီမြို့တွင် ပြီးခဲ့သည့်လပိုင်းက လျှပ်စစ်မီးဖြတ်တောက်ထားသော်လည်း လျှပ်စစ်ဌာနရုံးမှ ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီတာခလစဉ်ကောက်ခံနေခဲ့ကြောင်းလည်း မြဝတီမြို့ခံများက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြဝတီမြို့တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိနေသော်လည်း ဖားအံ၊ ကျုံဒိုးစသည့် နေရာများ တွင်မူ အကန့်အသက်ဖြင့်သာ လျှပ်စစ်မီး ရရှိနေကြသေးကြောင်း မြို့ခံများက ပြောကြသည်။

အလားတူ မြဝတီမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိနေပြီး ဖြစ်သော်လည်း မြဝတီ မြို့နယ်အတွင်းရှိ ကျေးရွာနေအိမ်အချို့တွင်မူ လျှပ်စစ်မီး ပြန်လည်းမရရှိကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင်လည်း မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့ တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင် ဒေသ ၂ ခုကို ပေးထားသော ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်မီးများကို ထိုင်းအစိုးရက ပြန်လည်ဖြတ်တောက်မှု လုပ်ဆောင်ခဲ့သေးသည်။