ဇွန်လ ၁၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ဝမ်းသာကြိုဆိုကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် သဝဏ်လွှာ ပေးပို့ကာ ပြောဆိုလိုက်သည်။
အဆိုပါ ဖွဲ့စည်းမှုမှာ ပြည်နယ်အုပ်ချုပ်စီမံခန့်ခွဲမှု အခွင့်အာဏာသည် ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ဝယ်တွင်ရှိသော ဖက်ဒရယ်အနစ်သာရကို ဖော်ဆောင်ခြင်း၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိကံ ကြမ္မာ မိမိဖန်တီးနိုင်ရေးအတွက် လက်တွေ့ကျင့်သုံးခြင်း ခြေလှမ်းအဖြစ်ရှုမြင်ကြောင်း ကေအဲန် ယူ၏ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)သို့ ပေးပို့သော သဝဏ်လွှာတွင် ပြောဆိုထားသည်။
အလားတူ (IEC)ဖွဲ့စည်းမှုသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေး အရအခြေခံ အုတ်မြစ်ကောင်းတစ်ခုကို ချမှတ်လိုက်သည့် အစပြုခြေလှမ်းအဖြစ် ယုံကြည်ကြောင်းလည်း ကေအဲန်ယူက ဆိုသည်။
IECဖွဲ့စည်းမှုသည် ပြည်နယ်၏ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာ ရေးအစရှိသော ကဏ္ဍအသီးသီးအတွက် ရှေ့ဆက်လုပ်ငန်းစဥ်များအရ ပိုမိုစနစ်ကျ အားကောင်းစွာ လုပ်ဆောင်လာနိုင်ရန်ဖွဲ့စည်း ရခြင်းဖြစ်ကြောင်း IEC ၏ ဒု-ဥက္ကဋ္ဌ ခွန်းဘီထူးက ဇွန်လ(၁၂)ရက်နေ့တွင် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

စစ်ကောင်စီအနေဖြင့် ကရင်နီပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ယိုယွင်းနေသည့် အုပ်ချုပ်ရေးကို အစားထိုးနိုင်ရန်နှင့် တရားစီရင်ရေး၊ ဥပဒေပြုရေးလုပ်ငန်းများနှင့်တွဲဖက်ပြီး နိုင်ငံရေး ပြောင်းလဲမှုမှ ဖြစ်ပေါ်လာနိုင်သော လစ်ဟာအာဏာကို အစားထိုးရေးအတွက် အမြင်ကျယ်ကျယ် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အခြားဖက်ဒရယ်ယူနစ်များနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ပါစေကြောင်း ကေအဲန်ယူ သဝဏ်လွှာတွင် ပြောဆို ထားသည်။
ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီကို ယခု ဇွန်လ(၁၂)ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း လူမှု ကွန်ရက် စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုနေ့ညပိုင်းတွင် အွန်လိုင်းဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
ထို့အတူ IEC ဖွဲ့စည်းမှုအပေါ် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ထောက်ခံကြိုဆိုခဲ့ကြသလို ကရင်နီပြည်နယ်နှင့် လူမျိုးအတွက် မျှော်မှန်းချက်များအား အမြန်ဆုံးအကောင်အထည် ဖော်ဆောင် နိုင်ရန် မျှော်လင့်ကြောင်းလည်း မြောက်က်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ကလည်း ဇွန်လ(၁၂)ရက် နေ့စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့သေးသည်။



















