Home သတင်း နယ်မြေမတည်ငြိမ်သေးသည့် မြဝတီတောင်ပိုင်းဒေသခံများ အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

နယ်မြေမတည်ငြိမ်သေးသည့် မြဝတီတောင်ပိုင်းဒေသခံများ အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

856

ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

နယ်မြေမတည်ငြိမ်သေးသည့် မြဝတီမြို့ တောင်ပိုင်းရှိ ကျေးရွာပေါင်း ၃၀ခန့် မှ ဒေသခံ ၁၀,၀၀၀(တစ်သောင်း) ကျော်အတွက် စားသောက်စရာနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှု လိုအပ်ချက်များရှိနေကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

မြဝတီမြို့တောင်ပိုင်း လေးကေကော်မြို့သစ် အထက်ဘက် ဝေါလေ၊ စုကလိ၊ အုန်းဖန်နှင့် ကလော့ထော် ဒေသကျေးရွာများဘက်အထိ နေထိုင်စစ်ဘေးရှောင်နေကြရသည့် ဒေသခံများအနေဖြင့် လက်ရှိ မိုး ရာသီကာလအတွင်း နေရပ်မပြန်ရဲကြသေးသည့်အခြေအနေဖြင့် ဆက်လက်ရွှေ့ပြောင်း ခိုလှုံနေထိုင် နေကြရဆဲဖြစ်ကြောင်း သေ့ဘောဘိုး ကျေးရွာအပ်စု၊ ဘလယ်ဒိုကျေး ရွာဒေသခံ စစ်ဘေးရှောင်များအား ကူညီရေး ချိတ်ဆက်လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

၎င်းက “တိုက်ပွဲက ဟိုပစ်၊ ဒီပစ်က ကြားနေရသေးတယ်။ လေယာဥ်ကလည်း လာလာပျံတာရှိတယ်။ ဒီနှစ်က ပိုခက်ခဲမယ်ထင်တယ်။ အလုပ်က လုပ်လိုမရ၊ ခြံလည်း လုပ်လိုမရ ဖြစ်နေတာ။ ထောက်ပံ့ တာကလည်း တစ်ခါတစ်လေပဲ ရတော့တဲ့ပုံစံဆိုတော့ ခက်ခဲလာတယ်။ ရွာကတော့ ပြန်လို့ရပြီး နေလို့ စိတ်မချရတာမျိုး ဖြစ်နေတာ ပိုဆိုးတယ်။ စစ်တပ်ကရှိနေတယ်။ DKBA ကလည်းရှိတယ်။ တောင်ပိုင်း တစ်ခုလုံးဆို လူ (၁၀,၀၀၀) ကျော် လောက် ရှိနေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင် မေလနှင့် ယခု ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်၊ KTLA ကော်သူးလေအာမီတပ်များနှင့် စစ်ကောင်စီ စစ်စခန်းကုန်းများတွင်တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေဆဲဖြစ်သည့်အတွက် ဒေသအတွင်း စာသင်ကျောင်းအများစု ပြန်မဖွင့်နိုင်သေးသလို တောင်ယာ စိုက်ပျိုးရာသီရောက်ရှိနေသော်လည်း တောင်ယာနှင့် ခြံလုပ်ငန်းများ ပြန်မလုပ်နိုင်ကြသေးကြောင်း ဘလယ်ဒိုကျေးရွာမှ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

“အခုက သေ့ဘောဘိုးဘက်နဲ့ ဝေါလေ ဂျပန်အိမ်ယာဘက် ရသေ့ဂူဘက်တွေ လူသိပ်မနေလိုကြဘူး၊ စစ်တပ်က ရှိနေတယ်။ သူတို့ကို လာပစ်တာ ဒရုန်းလာကြဲတာရှိတယ်။ အဲ့လိုဆိုရင် လက်နက်ကြီးတွေ ရွာဘက် တောင်ယာကွင်းဘက် ပစ်ထုတ်တယ်။ သေနတ်တွေ ရမ်းသမ်းပစ်တယ်။ အဲ့တော့ ကလေး လည်း ကျောင်းပြန်မနေနိုင်ဘူး၊ လူကြီးတွေလည်း ရွာထဲပြန်နေ ပြန်စားပြန်အိပ်တာ ရဲရဲ မလုပ်ရဲကြသေးဘူး။” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းတွင်လည်း မြဝတီမြို့အနီး မဲကနယ်ဒေသ ကျောက်မိုင်း၊ ကျောက်တောင်နေရာဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ စစ်ကြောင်းတို့ တိုက်ပွဲဆက်ဖြစ်နေပြီး မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၇၅) တပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း KNLA စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

အလားတူ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးဒေသ မြို့ရွာများ ဘက်တွင်လည်း KNLA ပူးပေါင်းတပ် များနှင့် စစ်ကောင်စီ တပ်များအကြား ဆက်လက် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်းလည်း ၎င်းနယ်မြေရှိ ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုကြောင့် ကရင်ပြည်နယ်တစ်ခုလုံး အတိုင်အတာအနေဖြင့် စစ်ဘေး ရှောင်နေထိုင်ရသူဦးရေ တိုးမြင့်လာနေကြောင်းလည်း စစ်ရှောင်ကူညီစောင့်ရှောက်သူများထံမှ သိရသည်။