Home သတင်း နတ်သံကွင်းတွင် စစ်ရှောင်ဒေသခံများ၏နေအိမ်ရှိ ပစ္စည်းများခိုးယူခံနေရ

နတ်သံကွင်းတွင် စစ်ရှောင်ဒေသခံများ၏နေအိမ်ရှိ ပစ္စည်းများခိုးယူခံနေရ

864
Photo-KHRG

ဇွန်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် နတ်သံကွင်းတွင် ဇွန်လ(၆)ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီက လေကြောင်း အသုံးပြုတိုက်ခိုက်သဖြင့် စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရသော ဒေသခံများ၏ နေအိမ်ရှိပစ္စည်းများ ခိုးယူခြင်းခံနေရကြောင်း ဒေသခံများက ပြောသည်။

နတ်သံကွင်းမြို့ပေါ်သို့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ပြည်သူအ များစုမှာ မြို့အထက်ဘက်ပိုင်းနှင့် အခြားဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြပြီး မြို့အတွင်း တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်ဒေသခံအချို့သာကျန်ရှိချိန်တွင် လူမနေထိုင်သောနေအိမ်များရှိပစ္စည်းများ ထိုသို့ခိုးယူခံနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ရပ်ကွက်အတော်တော်များများကအိမ်တွေ ပစ္စည်းခိုးခံရတယ်။ (၆)ရပ်ကွက်ဘက်ကပိုဆိုးတယ်။ ခိုးထားတာကုန်သလောက်ပဲ။ အိမ်ထဲရှိသမျှ ဆန်တွေရော၊ ပစ္စည်းတွေရော လိုမယ်ထင်တာမှန်သမျှ ဗျောက်သောက်ခိုးတာ။ ကျမအသိစစ်ရှောင်တစ်ယောက်လည်း အိမ်ခဏပြန်ပြီးဆန်သွားယူတာ တော်တော်များများပါတယ်ပြောတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အတူ နတ်သံကွင်းအနီးတဝိုက်ရှိကျေးရွာများတွင်လည်း ပစ်ခတ်မှုများဖြစ်၍ရွာ လုံးကျွတ်ရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်ရချိန် အမျိုးသမီး၊ အမျိုးသားများ ပါဝင်သော လူအုပ်စုလိုက်သည် ရွာအတွင်းရှိနေအိမ်များ အတွင်းသို့ဝင်ရောက်၍ အိမ်ရှိအခြားပစ္စည်းများအပြင် လယ်ယာသုံးစက်ပစ္စည်းများကိုပါ ယူဆောင်သွား ကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ရွာတွေဘက်ကိုက အဲဒီလူအုပ်လိုက် ဝင်ပြီး ရှိသမျှပစ္စည်းတွေရော စက်ပစ္စည်း တွေကိုရော ဝင်သယ်ချသွားတာ။ တိုက်ပွဲတော့လောလောဆယ်ငြိမ်နေပေမယ့် စစ်တပ်ကအင်အားဖြည့်နေတော့ ရွာသားတွေကြောက်ပြီးမပြန်ရဲကြတဲ့အချိန်ပေါ့။” ဟု အဆိုပါအမျိုးသားက ပြောပြသည်။

ထို့အတူ KNLA ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အင်အားဖြည့် တင်းနိုင်သည့်လမ်းကြောင်းရှိ တံတား(၃)စင်းအား ဖျက်ဆီးပြီးနောက်တွင် ဒေသခံများ သွားလာရခက်ခဲ၍ ကုန်ပစ္စည်းဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်မှု၍ စစ်ကောင်စီ၏ဆန်သယ်ဆောင်မှုကန့်သတ်ထားခြင်းတို့ကြောင့်လည်း စားနပ်ရိက္ခာအခက်အခဲရှိလာရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ လက်ရှိအခြေအနေတွင် နတ်သံကွင်းတွင် စစ်ကောင်စီတပ်များက အင်အား ဖြည့်တင်းနေမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်၍ နေရပ်ပြန်မနေရဲကြသေးသလို စစ်ဘေးရှောင်ပြည်သူများအတွက် မိုးတွင်းကာလအသုံးပြုရန် အမိုးအကာ၊ စောင်ခြင်ထောင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရန်လိုအပ်ပြီး ဆေးဝါးလိုအပ်မှုများလည်းရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများကပြောသည်။