ဇွန်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖာပွန်-ကမမောင်းမြို့ဘက်တွင် ယခုဇွန်လဆန်းပိုင်းမှစ၍ ဒေသခံပြည်သူများအနေဖြင့် စားနပ် ရိက္ခာဝယ်ယူလို့မရသည့် အခြေအနေထိ ဖြစ်လာနေသည်ဟု ဖာပွန်ဒေသခံများထံမှ သိရသည်။
အဆိုပါဒေသတွင် နယ်ခြားစောင့်တပ်−BGF တပ်၊ စစ်ကောင်စီတပ်များက ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားခြင်း၊ လှေဆိပ်များကို အသုံးပြုခွင့်မရသောကြောင့် ဒေသခံပြည်သူများက ဆန်၊ ဆီ၊ ဆားစသည့် ပစ္စည်းများကို လက်ထဲတွင် ငွေကြေးရှိသော်လည်း ဝယ်ယူခွင့်မရရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ဖာပွန်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အခုက အရင်က သယ်ထားတဲ့ဆန်တွေ ဆီတွေကိုပဲ ခွဲစားနေရတယ်။ ပစ္စည်းတွေ အဝင်မရှိတော့ဘူး။ စက်လှေ လည်းသွားလာခွင့်မရသေးဘူး။ လှေဆိပ်ကို BGF တွေ မဖွင့်ပေးသေးဘူး။ မဖွင့်ပေးတော့ ပြည်သူတွေ ဘာနဲ့ စားမလဲ။ ၇ လပိုင်းမှာ ဖွင့်ပေးမယ်လို့တော့ ကြားတာပဲ။ တခြားလေးတဲ့ ပစ္စည်းတွေဆို မသယ်တော့ဘူး။ အခုတောင်မှ ဆန်ကတစ်အိတ် ၁ သိန်းဝယ်ရတာတောင် ဝယ်ရခက်သွားပြီး။ ပိုက်ဆံရှိတောင် ရှာဝယ်ရတာခက်သွားပြီး”ဟု ၎င်းဒေသခံက ပြောသည်။
ထို့အပြင် ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေဖြစ်သည့် ဖာပွန်-ကမမောင်းမြို့နှင့် နီးစပ်သည့် ကျေးရွာများတွင်မူ လျှပ်စစ်မီးပြတ်တောက်ခံထားရပြီး ဆိုလာ၊ ဖယောင်းတိုင်များဖြင့် အသုံးပြုနေကြရသည်ဟု ၎င်းဒေသခံ ဆက်ပြောသည်။
ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်ကို စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တို့က ဧပြီလမှစ၍ အခြေခံစားသောက်ကုန်အများအပြား သယ်ယူခြင်းကို တစ်လလျှင် ၅ ရက်ခန့်သာ သယ်ယူခွင့်ပြုပေးထားခြင်းဖြစ်သည်။
ထိုသို့ နယ်ခြားစောင်တပ်−BGFနှင့် စစ်ကောင်စီတပ်များက အကန့်အသတ်ဖြင့် ရိက္ခာသယ်ယူခွင့် ပြုလိုက် ခြင်းကြောင့် အခြေခံဒေသခံပြည်သူများအနေဖြင့်လည်း စားဝတ်နေရေး ခက်ခဲမှုများရှိလာနေသည်ဟု ဒေသခံများက ပြောသည်။
အခြားဖာပွန်ဒေသခံတစ်ဦးကလည်း “ကျနော်တို့က တစ်ရက်လုပ်မှ တစ်ရက်စားရတယ်။ တစ်လမှ ၅ ရက်ပဲ ဆန် တွေဆီတွေ သယ်ရတော့ အဆင်မပြေဘူးလေ။ အလုပ်မှာ ပိုက်ဆံမရတဲ့ရက်တွေကျရင် ဘယ်လိုဝယ်ရမလဲ။ အခုက အလုပ်လည်းမရှိ စားစရာလည်းမရှိ ဖြစ်နေပြီး”ဟု ကေအိုင်စီသို့ ပြောသည်။
ဖာပွန်ဒေသတွင် နယ်ခြားစောင့်တပ်(BGF) စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် -KNLA ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေဆဲရှိနေသောကြောင့် တချို့ဒေသခံရွာ သားများမှာ နီးစပ်ရာကျေးရွာများနှင့် မြို့များပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။



















