ဇွန်လ ၁၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်းအိမ်စောင့်အစိုးရမှ ဦးဆောင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးအား ဖိတ်ခေါ်၍ ဇွန်လ(၁၈) ရက်နေ့မှ (၁၉)ရက်နေ့အထိ ပြုလုပ်မည့် မြန်မာ့အရေး ဆွေးနွေးပွဲအား ဖျက်သိမ်းပေး ရန် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်-KPSN အပါအဝင် အရပ်ဘက်အဖွဲ့အစည်းပေါင်း သုံးရာကျော်မှ ယမန်နေ့ ဇွန်လ(၁၈)ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ယခုလို ဖိတ်ခေါ်မှု လုပ်ရပ်သည် အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေသော စစ်ကောင်စီကို တော်လှန်နေကြသည့် မြန်မာပြည်သူလူထုများအား စော်ကားလိုက်ခြင်းဖြစ်သလို အစိုးရ တစ်ရပ်အနေ ဖြင့် တရားဝင်မှု မရှိသောကြောင့် စစ်ကောင်စီကို နိုင်ငံအဆင့်အစည်းအဝေး များတက်ရောက် ရန် ဖိတ်ကြား ခြင်းမပြုရမည့် အာဆီယံ၏သဘောတူညီချက်ကို ဆန့်ကျင်နေကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထား သည်။
စစ်ကောင်စီပါဝင်မည့် ထိုအစည်းအဝေးသည် မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီ၏အကြမ်းဖက်မှုများကို ပိုမိုတိုးပွားလာစေသည်သာမက နိုင်ငံတကာ၏ အကြပ်အတည်းဖြေရှင်းရန်ကြိုးပမ်းနေမှုကိုပါ ပျက်ပြား စေမည်ဖြစ်သောကြောင့် ဖိတ်ကြားခံရသောနိုင်ငံများအနေဖြင့်လည်း အစည်းအဝေးမတက်ရောက်ကြရန် လည်း အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။
အိတ်ဖွင့်စာပါပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်က “အာဆီယံကတော့ လက်ခံမှာမဟုတ်ပေမယ့် တစ်သီး ပုဂ္ဂလ အနေနဲ့ပါဝင်လာနိုင်တယ်။ ပြီးတော့ တရုတ်နဲ့ အိန္ဒိယက ဆွေးနွေးပွဲမှာပါလာ မလားပေါ့။ ဒီနှစ်နိုင်ငံ ကပါလာမယ်ဆိုရင်တော့ အာဆီယံအတွက် ဖိအားရှိလာနိုင်တယ်။ ပြောရရင် ထိုင်းရဲ့လုပ်ရပ်က မြန်မာ ပြည်သူတွေရဲ့ဆန္ဒကိုဆန့်ကျင်တဲ့အတွက် ကျနော်တို့ အနေနဲ့ကတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ ထိုင်းအစိုးရအနေနဲ့လည်း အနိုင်ရပါတီလက်ထဲကို လက်လွှဲပေးသင့်တယ်။ ဒီလိုဖိတ်ခေါ်မှုကိုမလုပ်သင့်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ထိုင်းအိမ်စောင့်အစိုးရ၏ အလွတ်သဘောတွေ့ဆုံစည်းဝေးရန် ဖိတ်ခေါ်မှုကို အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအပါအဝင် စင်ကာပူ၊ မလေးရှားနှင့်ဗီယက်နမ်နိုင်ငံတို့ကလည်း ငြင်းဆိုထားကြောင်း နိုင်ငံတကာသတင်းမီဒီယာ ရိုက်တာစ်က ဖော်ပြထားသည်။
ကိုအဲလက်စ်က “ထိုင်းကဖိတ်တာကို အာဆီယံနိုင်ငံအချို့ကလက်မခံတဲ့သဘောဆိုတော့ ဒီအစည်းအဝေးက ကြီးကြီးမားမားပြောင်းလဲစေတာ ရှိမယ်မထင်ဘူး။ ထိုင်းအစိုးရ အနေနဲ့ကလည်း အာဏာသက်တမ်းကုန် ခါနီးမှာ ဒီလိုတွေ့ဆုံဖို့ဖိတ်ခေါ်တာဟာ စစ်ကောင်စီအတွက် အာဆီယံကနေ သဘောတူညီချက်တစ်ခုခု ရစေချင်တဲ့သဘောဖြစ်ပြီးတော့ စစ်ကောင်စီကလည်း အာဆီယံနဲ့နိုင်ငံတကာရဲ့ ပစ်ပယ်ခံထားရတော့ ပြန် တရားဝင်မှုရှိလာအောင်လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့လို့မြင်ပါတယ်။” ဟု ဆက်ပြောသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပမည့် အဆိုပါအစည်းအဝေးပွဲအား အာဆီယံနိုင်ငံများ၏ သဘောတူညီ ချက်အရ တက်ရောက်မည်မဟုတ်ဘဲ ထိပ်သီးအစည်းအဝေးပွဲတွင် ချမှတ်ထားသည့်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားရန် အရေးကြီးကြောင်း အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံကလည်း ဇွန်လ(၁၈)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အလားတူ အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ကလည်း စစ်ကောင်စီအားဆွေးနွေးပွဲဖိတ်ကြားခြင်းသည် အိမ်နီးချင်းမြန်မာပြည်သူများ၏ဆန္ဒကို မျက်ကွယ်ပြုနေသလို စစ်ကောင်စီကို အသိအမှတ်ပြုထောက်ခံရာ ရောက်နိုင်သည့်အတွက် ကန့်ကွက်ကြောင်း နှင့် နယ်စပ်ဒေသလုံခြုံတည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူများ၏ အေးချမ်းသာယာရေးနှင့် ဆက်ဆံရေး ကောင်းမွန်မှုတို့အတွက် မိမိတို့နှင့်ပူးပေါင်းဆောင်ရွက်သွားရန် ပြီးခဲ့ သည့် ဇွန်လ(၁၇)ရက်နေ့က တိုက်တွန်းထားသည်။



















