Home သတင်း ကြာအင်ဆိပ်ကြီးမြို့‌ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ငွေကြေးကောက်ခံမှုပိုမိုလုပ်ဆောင်လာ

ကြာအင်ဆိပ်ကြီးမြို့‌ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ငွေကြေးကောက်ခံမှုပိုမိုလုပ်ဆောင်လာ

1185
Photo-Crd

ဇွန်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသူ ဒေသခံ များကို စစ်ဆေး မေးမြန်းမှုအပြင် ငွေကြေးတောင်းခံမှုများကိုပါ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံ များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ အနီး ကျေးရွာများမှဒေသခံများအနေဖြင့် မြို့တွင်းသို့ ဝင်ထွက်သွားလာမှုများအပြင် ကုန် ပစ္စည်းများ ဝယ်ယူသွားပါက ပစ္စည်းအရေအတွက်အပေါ်မူတည်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး ၅၀ဂါလံဆန့် စက်သုံးဆီပေပါ နှစ်လုံးကို (၁၅,၀၀၀) ကျပ်အထိ တောင်းခံနေကြောင်း ကြာအင်း ဆိပ်ကြီး မြို့ခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကြာအင်းလောက်ကိုဆီသွားပို့ရင် နှစ်ပေပါကိုတစ်သောင်းခွဲလောက်သူတို့တောင်းတယ်။ သူတို့နဲ့ မျက်မှန်းတန်း တဲ့ဟာတော့အဲ့လောက်မဖြစ်ဘူ။ မျက်နှာစိမ်းတဲ့လူဆို သူတို့လက်ကုန် တောင်းတယ်။ ရပ်ကွက် (၁) ကြံ့ခိုင် ရေး ရှေ့ကဂိတ်ကပိုဆိုးတယ်”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်သည် နေ့အချိန် မြို့သို့သွားလာ လုပ်ကိုင်စားသောက်သည့် ဒေသခံများကို ငွေကြေး ကောက်ခံ စစ်ဆေးမှုပြုလုပ်သလို ညအချိန်တွင် လက်နက်ကြီးများ ညတိုင်းနီးပါး ပစ်ခတ်နေသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်စိတ်များဖြင့် နေထိုင်သွားလာနေရကြောင်းလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီး မြို့တွင်းသို့ ဝင်သည့် လမ်းတချို့ ဖျက်ဆီးခံထားရပြီး ဝင်ပေါက် တချို့ကိုသာ ဖွင့်ပေးထားကာ လမ်းသွား လမ်းလာများကို ပုံစံမျိုးစုံ စစ်ဆေးပြီး ငွေကြေး တောင်းခံမှုများအပြင် ကျေးရွာအနီး လက်နက်ကြီးများပါ ပစ်ခတ်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မဟာမိတ် ဆက်ဆံရေးတာဝန်ခံ ဦးငြိမ်းမင်းက‌‌ ယခုလိုပြောသည်။

၎င်းက”ကြာအင်းဆိပ်ကြီး ရပ်ကွက်(၆)ကိုဝင်ဖို့လမ်းတော့ ကားဝင်လို့မရအောင်အကုန်လုံးဖြိုလိုက်တယ်။ Main လမ်းကတစ်လမ်းပဲဖွင့်ထားတယ်။ အဲ့တစ်လမ်းတော့ မပိတ်ရသေးဘူး။ သူတို့တွေစစ်ဆေးရေး ဂိတ်တွေဖွင့် ထားပြီး ပိုက်ဆံကောက်တယ်။ မထင်ရင် မထင်သလိုဖုန်းစစ်တယ်။ ညတိုင်း နီးပါး ကျေးရွာဘက်ကို လက်နက် ကြီးပစ်ထုတယ်။ လက်နက်ကြီးပစ်တော့ကျေးရွာသားတွေက ထိတ်ထိတ် လန့်လန့် နဲ့ အိပ်နေရတယ်။ တစ်ချို့ဗုံး ကျင်းထဲ အိပ်တယ်။ တချို့ကလည်း လုံခြုံတဲ့နေရာပြောင်းအိပ်ရတယ်။ အဲ့လိုက ပုံမှန်လို ဖြစ်နေတယ်”ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင်လည်း ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေပြီး ကြာ အင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်၏ တရားမဝင် ပြည်သူများအပေါ် ငွေကြေးကောက်ခံမှုကြောင့် ယင်းဒေသ ခံများ၏ စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်းလည်း ဒေသခံ များက ပြော သည်။