Home သတင်း BGFမှ သီးနှံခြံဝန်းများအတွင်း မိုင်းများထောင်‌ထားသဖြင့် ဒေသခံများ ခြံထဲသွားရန် အခက်တွေ့နေ

BGFမှ သီးနှံခြံဝန်းများအတွင်း မိုင်းများထောင်‌ထားသဖြင့် ဒေသခံများ ခြံထဲသွားရန် အခက်တွေ့နေ

976

ဇွန်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကော့ကရိတ်-မြဝတီအာရှ လမ်းမတစ်လျှောက်တွင်တပ်စွဲထားသည့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များသည် ဒေသခံ ပြည်သူများ၏ သီးနှံခြံများရှိရာ အနီးဝန်းကျင်တွင် နင်းမိုင်းများထောင်ထားသဖြင့် ခြံထဲသွားရန် အခက် တွေ့နေကြရကြောင်း ဒေသခံ ခြံပိုင်ရှင်များကပြောသည်။

နယ်ခြားစောင့်တပ် နှင့် စစ်‌ကောင်စီတပ်သည် အာရှလမ်းမတစ်လျောက်တွင် တပ်စွဲထားလျက်ရှိပြီး တပ်စွဲထား သည့်အနီးနားနေရာများနှင့် တောတောင်ရှိ ဒေသခံပြည်သူများ၏ သီးနှံခြံများတွင် နင်းမိုင်း အမြောက်အများ ထောင်နေသဖြင့် ခြံထဲမသွားရဲကြောင်း ဒေသခံ ခြံပိုင်ရှင်တစ်ဦးက ယခုလိုပြောသည်။

၎င်းက”ကျနော်တို့အကုန်လုံး မ‌တွေ့ပေမဲ့ ကော့ကရိတ်ကနေစပြီး တောက်လျှောက်သူတို့ (စစ်ကောင်စီ လက် အောက်ခံတပ်)ရှိ‌တယ်။ ကျနော်ခြံသွားတော့ သူတို့(BGF)နှစ်ယောက်ကိုတွေ့တယ်။ သူတို့(BGF)ပြောတယ် နောက်ဆိုမလာနဲ့တော့။ လမ်းထဲ၊ လမ်းဘေးတို့ ခြံထဲတို့ မိုင်းတွေအပြည့်ထောင်ထားတယ်ပြောတော့ အဲ့နေ့က စပြီးခြံထဲသွားလို့မရဲတော့ဘူ”ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ မိုင်းများထောင်ထားခြင်းကြောင့် လက်ရှိ သီးနှံပေါ်ထွက်ချိန်ဖြစ်၍ ယခုလို ခြံထဲသို့ မသွားနိုင်ကြသော ကြောင့် ဒေသခံများအနေဖြင့် ဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း ဒူးရင်းသီး ခြံပိုင်ရှင် တစ်ဦးက ယခုလို ပြောသည်။
“ဒီနှစ် ဒူရင်းသီးကနည်းပေမဲ့ ဈေးကကောင်းတော့မိသားစု ဝင်‌‌ငွေကပုံမှန်‌ဆိုများမယ်။ အခု ဒူရင်းသီး ကြွေလဲ သွားကောက်မရဲဘူ။ သံပုရာခြံရှိလည်း သံပုရာသွားခူးမရဲဘူဆိုတော့ ကျနော်တို့စိုက်တာ သီးနေပြီး သွားလုပ် မရဲ တော့ နစ်နာဆုံးရှုံးတာတွေအများကြီးဖြစ်တာပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများအနေဖြင့် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမအနီးရှိ တောင်ပေါ် ဒေသ များတွင် ဒူရင်းသီးခြံ၊ သံပုရာသီးခြံ၊ ဝဥခြံနှင့် မင်းဂွတ်သီးခြံများ စိုက်ပျိုးအသက်မွေးဝမ်းမှုများရှိပြီး နှစ်စဉ် ရာသီပေါ် သီးနှံများအနေဖြင့် စျေးကွက်ထဲသို့ ပြန်လည် ရောင်းချမှုများ ပြုလုပ်လေ့ရှိကြကြောင်း သိရသည်။

ပြီးခဲ့သည့်လများအတွင်း အဆိုပါ ဒေသတွင် နယ်မြေခံ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီ၊ BGF တို့အကြား နှစ်ဖက် တိုက်ပွဲများ ပြင်းထန်ခဲ့ဖူးပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကော့ကရိတ်မြို့အတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။