Home သတင်း အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်တွင် အရပ်သား ၁၀၀ ကျော်သေဆုံးဟု ISP ထုတ်ပြန်

အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်တွင် အရပ်သား ၁၀၀ ကျော်သေဆုံးဟု ISP ထုတ်ပြန်

888
Photo-Crd

ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်တပ်အာဏာသိမ်းယူပြီးနောက် ယခု ၂၀၂၃ခုနှစ်၊ မေလအထိ ကောက်ယူထားသည့် မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု-ISP စစ်တမ်းများအရ စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကရင်ပြည် နယ်တွင် သေဆုံးသူ အရပ်သား ၁၀၀ ကျော်ရှိကြောင်း ISP ၏ ဇွန်လ (၁၄)ရက် ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာ နိုင်ငံတဝှမ်း သေဆုံးသူ အရပ်သားစုစုပေါင်း (၈,၀၀၀) ကျော်ရှိပြီး ထိုအရပ်သား ၈,၀၀၀ ကျော်အနက် ၂,၁၀၀ ကျော်သည် ဆန္ဒပြပွဲများတွင် စစ်ကောင်စီ၏ပစ်ခတ်မှုနှင့် ဖမ်းဆီးထိန်းသိမ်းထားစဥ်အတွင်း သေဆုံးခဲ့ရသူများဖြစ်ပြီး တိုက်ပွဲပဋိပက္ခများကြောင့် သေဆုံးသူ ၂,၄၀၀ ကျော်နှင့် ISP ကအတည်ပြုနိုင်ခြင်းမရှိသေးသည့် ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ ၄,၀၀၀ ကျော်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲပဋိပက္ခများကြောင့် သေဆုံးသူအရပ်သားများအနက် တိုင်းဒေသကြီး အလိုက်အားဖြင့် စစ်ကိုင်းတိုင်းမှသေဆုံးသူစုစုပေါင်း တစ်ထောင် ကျော်ဖြင့် ပထမနေရာတွင်ရှိနေသလို ကရင်ပြည်နယ်မှ သေဆုံးသူတစ်ရာကျော်ရှိကာ ဆဌမနေရာတွင်ရှိနေကြောင်း ISP က ဆိုထားသည်။

အဆိုပါ ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှုသည် ယခုနှစ်အတွင်း များလာပြီး စစ် ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အများဆုံး ထိခိုက်သေဆုံးကြရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG၏ ပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

၎င်းက “ကျနော်တို့ဒေသမှာတော့ ပဋိပက္ခတွေကြောင့်သေဆုံးသူအရပ်သားဦးရေက များသထက် များလာတယ်။ တိုက်ပွဲဖြစ်ပွားတာကြောင့်ရော၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာရယ်၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အများဆုံး သေဆုံးရ တာမျိုးပေါ့။” ဟု ပြောသည်။

ထို့အတူ ခက်ခဲဆိုးဝါးသည့်အခြေအနေများကြား ထွက်ပြေးတိမ်းရှောင်ကြရသော အချို့စစ်ဘေးရှောင်များသည် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမရရှိသည့်အတွက် ဖျားနာ၍ သေဆုံးကြရသလို တိုက်ပွဲဖြစ်ပွားသည့် အနီးအနားရွာများရှိ ဒေသခံများ သည်လည်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကို ခံနေရကြကြောင်း ၎င်းက ဆက်ပြောသည်။

ISP ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်း ၂ နှစ်ကျော်အတွင်း အရပ်သားသေဆုံးမှုသည် ရုရှားကျုးကျော်စစ်နှင့်ဖျက်အားပြင်းလက်နက်များကြောင့် သေဆုံးခဲ့ရသည့် ယူကရိန်း နိုင်ငံရှိအရပ်သားဦးရေနှင့်နှိုင်းယှဥ်ပါက ကွာခြားမှုသိပ်မရှိကြောင်းနှင့် မြေပြင်အခြေ အနေအရ သေဆုံးသူအရေအတွက်ပိုမိုများပြားနိုင်ကြောင်း ဆက်လက် ဖော်ပြထား သည်။

အလားတူ ကေအဲန်ယူထိန်းချုပ်နယ်မြေများဖြစ်သော ကော်သူးလေဒေသများတွင် အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ အရပ်သားဦးရေ (၁၃၄)ဦးရှိနေပြီး တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ညောင်လေး ပင်ခရိုင်နှင့် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်တို့တွင် သေဆုံးမှု အများဆုံး ဖြစ်ကြောင်း KHRG ၏ မှတ်တမ်းပြုစုချက်အရ သိရသည်။