Home သတင်း အရှေ့တောနယ်တွင် မိုးရာသီကာလအတွင်း ယခင်နှစ်ကထက် တောင်ယာ စပါးစိုက်ပျိုးသူ နည်းပါးလာ

အရှေ့တောနယ်တွင် မိုးရာသီကာလအတွင်း ယခင်နှစ်ကထက် တောင်ယာ စပါးစိုက်ပျိုးသူ နည်းပါးလာ

784
Photo-CJ

ဇွန်လ ၂၆ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ ကျေးရွာများတွင် ဒေသခံများ စစ်ဘေးရှောင်နေကြရသဖြင့် ယခုနှစ် မိုးတွင်းကာလအတွင်း ယခင်နှစ်ကထက် တောင်ယာစပါးစိုက်ပျိုးသူ နည်းပါးလာကြောင်း ဒေသခံများ ပြောစကားအရ သိရသည်။

အရှေ့တောနယ်ဒေသရှိကျေးရွာများတွင် ဒေသခံများအနေဖြင့် စစ်ဘေးတိမ်းရှောင်နေကြရပြီး နေရပ်မပြန်ရဲကြ သောကြောင့် ယခုနှစ် မိုးရာသီ ကာလအတွင်း မိုးစပါး စိုက်ပျိုးသူနည်းပါးလာပြီး ယခုလာမည့် ကာလအတွင်း စပါးပြတ်လပ်နိုင်သည့် အခက်အခဲနှင့် ကြုံတွေ့ရနိုင်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

ဒေသခံတစ်ဦးက “စပါးကုန်တော့မယ်၊ ဆန်ဈေးထိုးတတ်နဲ့အပြင် ဆန်ပါရှားမှာ။ ခမောင်းသွယ်မှာတော့ ပိုက်ဆံ တတ်နိုင်သူတွေဘဲ တောင်ယာစပါးကိုစိုက်ကြတယ်။ ဒီဘက်မှာက လယ်မရှိတော့ တောကြီးခုတ် တောင်ယာ လုပ်ပြီးမှ စိုက်ရတာမို့ အရမ်းခက်ခဲတယ်။ ပြီးတော့မနှစ်ကလည်း စပါးစိုက်တဲ့သူနည်းတော့ အခုနှစ်လည်း အကုန်ဝယ်စားရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် အဆိုပါ ဒေသတွင် အာဏာသိမ်းစစ်ကောင်စီနှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏ ထိတွေ့ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် လမ်းခရီးအခက်အခဲများ အပြင် စစ်ကောင်စီ၏ ကန့်သတ်တားမြစ်မှုများကြောင့် ဆန်စပါးဝယ်ယူရန် အခက်အခဲများနှင့်လည်း ကြုံတွေ့ နေရကြောင်း ဒေသခံများ ကပြောသည်။

ဒေသခံတစ်ဦးက “လောင်းလုံးဘက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်တော့ စပါးသယ်ရတာခက်သွားတယ်။ ပြီးတော့ တချို့တွေဆို စပါးမစိုက်ရဘဲ စစ်ဘေးရှောင်နေရတယ်လေး။ စစ်တပ်တွေက လှေကပ်တဲ့ နေရာတွေ အရင်ရှင်းပုံရတယ်။ အခုနောက်ပိုင်း ပြင်းပြင်းထန်ထန် ဖြစ်နေတာက လှေကပ်တဲ့နေရာ တွေချည်းဘဲ။ အဲ့ဒါကြောင့် သယ်ယူရတာခက်ခဲတယ်။ ထီးခီးလမ်းကလည်း ပိတ်ထားတယ်လို့ကြားတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ အရှေ့တောနယ်ဒေသရှိ စစ်ရှောင်ပြည်သူများကိုအာဏာသိမ်းစစ်ကောင်စီမှ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်မှ စတင်ကာ အနွေးထည်ဝယ်ယူသယ်ဆောင်ခွင့်ကို စတင်ပိတ်ပင်ထားသည့်အပြင် ဆန် နှင့် ရိက္ခာ ခြောက်သယ်ဆောင်ခွင့်များကိုပါ ကန့်သတ်ထားကြောင်း ဒေသခံ စစ်ရှောင်ပြည်သူများက ကေအိုင်စီသို့ ပြောဆိုထားဖူးသည်။