Home သတင်း ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးထိမှန်၍ ဒေသခံ(၄)ဦးသေဆုံး၊ စစ်ကောင်စီ၏ထောက်ပို့ တံတား တစ်စင်း ထပ်မံဖျက်ဆီးခံရ

ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးထိမှန်၍ ဒေသခံ(၄)ဦးသေဆုံး၊ စစ်ကောင်စီ၏ထောက်ပို့ တံတား တစ်စင်း ထပ်မံဖျက်ဆီးခံရ

849
Photo-CJ

ဇွန်လ(၂၆)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ ကျောက် တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၄ရက်နေ့က ညနေပိုင်းက စစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် လက်နက်ကြီး ကျည်စထိမှန်ပြီး ကျေးရွာနှစ်ရွာရှိ ဒေသခံ(၄)ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များ ထံမှသိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၄)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၂၆၄)မှ ၁၂၀ မမ လက် နက်ကြီး(၃)လုံးဖြင့် ကျေးရွာ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာနှင့် ငါးဖယ် အင်းကျေးရွာသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး သမင်အင်းကုန်းရွာမှ ဒေသခံ အမျိုးသမီး(၂)ဦးနှင့် ငါးဖယ် အင်း ရွာမှ အမျိုးသား(၂)ဦး ကျည်စထိမှန် သေဆုံးခဲ့ကြောင်း ကျောက်ကြီးမြို့နယ်အခြေစိုက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဇွန်လ(၂၅)ရက် နေ့တွင် လူမှုကွန် ရက်စာမျက်နှာ မှတဆင့် သတင်းထုတ်ပြန်ကြေညာထားသည်။

Photo-CJ

အဆိုပါလက်နက်ကြီး ပစ်ခတ်မှုအား ကျောက်တံခါးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၂၆၄) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ဒေသခံသေဆုံးမှုနှင့်အတူ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိကြောင်း နတ်သံကွင်း ဒေသခံ အမျိုးသားတစ်ဦးက ယခုလို အတည်ပြုပြောဆိုသည်။

“သမင်အင်းကုန်းရွာမှာတော့ သေတာကအမျိုးသမီးနှစ်ယောက်နဲ့ ရွာသား(၃)ယောက်ဒဏ်ရာရတယ်။ လက်နက်ကြီးပစ်ခံရတာ ကျောက်တံခါးဘက်တင်မဟုတ်ဘူး နတ်သံကွင်းဘက်ရော ဥသျှစ်ကုန်း၊ ရေတွင်း ကုန်းဘက်ရောပေါ့။ ကျောက်ကြီးနဲ့မုန်းဘက်တွေမှာလည်း မနေ့ကအထိ ညတိုင်း စစ်တပ်က ပစ်နေတာပဲ။ ဘာထိတွေ့တိုက်ပွဲမှမရှိဘဲ ရွာတွေထဲကို လက်နက်ကြီးတွေလျှောက်ပစ်နေတာ။” ဟု ကေအိုင်စီသို့ပြော သည်။

ထို့အတူ ယမန်နေ့ ဇွန်လ(၂၅)ရက်နေ့ကလည်း စစ်ကောင်စီက လက်ရှိ လူအင်အားနှင့်ရိက္ခာအင်အားဖြည့် တင်းရန်အတွက် အသုံးပြုလျက်ရှိသော ရန်မျိုးအောင်ကျေးရွာအထွက်ရှိ ကျောက်ကြီးနှင့်နတ်သံကွင်းသို့ သွယ်တန်းထားသော တံတားတစ်စင်းအား KNLA ပူးပေါင်းတပ်များက ထပ်မံ၍ ဖျက်ဆီးခဲ့ကြောင်း ကေအဲန် ယူ သတင်းအရင်းအမြစ်နှင့်ဒေသခံများထံမှ သိရသည်။

Photo-CJ

နတ်သံကွင်းဒေသခံတစ်ဦးက “အဲ့လမ်းတံတားက သာမန်ပြည်သူတွေမသုံးတာကြာလှပြီ သူတို့(စစ်ကောင်စီ) နဲ့သူတို့လက်အောက်က လူတွေလောက်ပဲသုံးတာ။ ဟိုတစ်လောက နတ်သံကွင်းဘက်ကရွာတွေမှာ ပစ္စည်း တွေခိုးသွားတဲ့သူတွေဆိုရင်‌ အဲ့လမ်းကသွားကြတယ်ပြောတယ်။ သာမန်ပြည်သူက မသွားရဲလို့ပဲ မသုံးတာ ကြာနေပြီ။ စစ်တပ်က လက်နက်ခဲယမ်းနဲ့လူအင်အား၊ရိက္ခာဖြည့်ရင်သုံးတဲ့လမ်းပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် စစ်ကောင်စီသည် ကျောက်ကြီးမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်မှုလုံးဝမရှိတော့သည့် အတွက် လူအင်အားတိုးချဲ့ခြင်း၊ စစ်ကြောင်းထိုးခြင်းများရှိလာသလို အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနေ့စဥ်လုပ်ဆောင်နေသောကြောင့် စစ်ကောင်စီ၏ အဆိုပါထောက်ပို့ တံတားအား ထပ်မံဖျက်ဆီးခဲ့ကြောင်း ကျောက်ကြီးမြို့အခြေစိုက် KNLA ပူးပေါင်းတပ်များ၏ ထုတ်ပြန် ချက်က ဆိုထား သည်။

အလားတူ ညောင်လေးပင်ခရိုင် နတ်သံကွင်းတွင် ပြီးခဲ့သည့် ဇွန်လ(၆)ရက်နေ့က နှစ်ဖက်ပစ်ခတ်မှုများ အတွင်း စစ်ကောင်စီတပ်များ တပ်အင်အားဖြည့်တင်းလာနိုင်သော လမ်းကြောင်းရှိ ကျောက်ကြီး-နတ်သံ ကွင်း တံတား၊ အုန်းနဲပင်-နယွဲပင်တံတားနှင့် သာစည်-တာဆုံတံတား အစရှိ သည့်တံတား(၃)စင်းအား မိုင်းခွဲ ဖျက်ဆီးခဲ့သလို ယခု မေလဆန်းပိုင်းတွင်လည်း ကွင်းချောင်းဝနဲ့ကျောက်ကြီးသို့ သွယ်တန်းထားသည့် တံတားတစ်စင်းအားလည်း ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။