ဇွန်လ ၁၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စုပေါင်းခေါင်းဆောင်မှုဖြင့် ပြည်နယ်အုပ်ချုပ်ရေး အစိုးရတစ်ရပ် ပေါ်ပေါက်လာရန် ရည်ရွယ်ပြီး ကရင်နီ ပြည်၏ ကြားကာလအုပ်ချုပ်ရေးနှင့် ပြည်နယ်အစိုးရကို စတင်ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၂ ရက် နေ့စွဲဖြင့် ကရင်နီအင်အားစုခေါင်းဆောင်များက ကြေညာလိုက်သည်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၏ နိုင်ငံရေး ဦးဆောင်မှုနှင့် မူဝါဒ လမ်းညွှန် ချက်များအတိုင်း ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State (IEC) ကို ရည်မှန်းချက် ၃ ချက်ဖြင့် စတင်ဖွဲ့ စည်းခဲ့ပြီးနောက် ယခုလို မိတ်ဆက်ကြေညာလိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်စာတွင် ဖော်ပြထားသည်။
ကြေညာချက်ပါ ရည်ရွယ်ချက်အရ IEC ကို စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ်အစိုးရ တစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ များကို အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားရန် နှင့် ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန် တို့ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
ထို့အပြင် (IEC) ကို ကောင်စီအဖွဲ့ဝင် ၆ ဦးဖြင့် ကနဦး ဦးဆောင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ခူဦးရယ်နှင့် ဒုဥက္ကဋ္ဌ အနေဖြင့် ကရင်နီအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့(KNDF)မှ ခူဘီထူးတို့မှ တာဝန်ယူသွားမည်ဟု သိရပြီး ပြည်နယ်ရေးရာ ဌာန အနည်းဆုံး (၁၂)ရပ်ကို ထားရှိသွားမည်ဟု သိရသည်။
IEC အနေဖြင့် ရေတိုရေရှည် အစီအမံများကို ချမှတ်ကာ တော်လှန်ရေး အင်အားစုများကို စုစည်းသွား မည်ဟုလည်း ပြောဆိုထားပြီး ပြည်သူလူထုများအပေါ် အကာအကွယ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များကို အကောင်အထည်ဖော် ဖြည့်ဆည်းသွားမည်ဖြစ်ကာ ပြည်သူ လူထုများ၏ အကျိုးကို ဆောင်ရွက်ရန်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင် ထားသူများနှင့် တတ်သိပညာရှင်များကိုလည်း ကောင်စီအတွင်းပူးပေါင်းပါဝင် လာရန်လည်း ဖိတ်ခေါ်ထားကြောင်း တွေ့ရသည်။
ဆက်လက်ပြီး ပြည်တွင်းပြည်ပ အင်အားစုများအပြင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး ကြိုးပမ်းမှုတစ်ရပ်အနေဖြင့်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နှင့်ပါ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း IEC က ထုတ်ဖော်ပြောဆိုခဲ့သည်။
IEC သည် ကရင်နီ ပြည်နယ်အတွင်းသာမက ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ အင်အားစု အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက်လာသည့် အချိန်ကာလတွင် IEC ကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကရင်နီ အင်အားစုများ စုစည်း၍ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကို ဖွဲ့စည်းခဲ့သည်။ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ထဲတွင်လည်း ပါဝင်ပြီး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းမှုများ ရှိနေကာ လက်ရှိ အသစ် ဖွဲ့စည်းလိုက်သည့် IEC မှာလည်း ကရင်နီပြည်နယ်အတွင်း တိုးတက်ပြောင်းလဲမှုတစ်ရပ်အနေဖြင့် ရှုမြင်ကြသူများလည်း ရှိသည်။
ကြားကာလပြည်နယ်အုပ်ချုပ်ရေး ကြေညာလိုက်သည့် ကရင်နီပြည်နယ်တွင် စစ်ကောင်စီနှင့် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ မြေပြင်စစ်ရေး အရေးနိမ့်မှုများကြောင့် လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန် ပြုလုပ်နေကြောင်းလည်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခအပေါ် ကောက်ယူထားသည့် သုတေသန စာတမ်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။



















