Home သတင်း လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု ပိုလုပ်လာသော်လည်း နယ်စပ်ဘက်တွင် အရောင်းအဝယ်ကောင်းဆဲ

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု ပိုလုပ်လာသော်လည်း နယ်စပ်ဘက်တွင် အရောင်းအဝယ်ကောင်းဆဲ

515

ဇွန်လ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုတလော စစ်ကောင်စီဘက်မှ လိုင်စင်မဲ့ကားနှင့်ဖောင်းကြွ နံပါတ်ပြား မပြောင်းသည့်မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှု ပိုမိုလုပ်ဆောင်လာသော်လည်း မြဝတီ နယ်စပ်ဒေသဘက်တွင် လိုင်စင်မဲ့ယာဉ် အရောင်းအဝယ်ကောင်းနေဆဲဖြစ်ကြောင်း လိုင်စင်မဲ့ယာဉ် ရောင်းဝယ်သူထံမှ သိရသည်။

စစ်ကောင်စီက ဖားအံမြို့တွင်းကိုသာ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးမှုရှိကာ လိုင်စင်မဲ့ ယာဉ်တင်သွင်းသည့် လမ်းကြောင်းများကိုမူ ဖွင့်လှစ်ထားဆဲဖြစ်သည့်အတွက် လိုင်စင်မဲ့ယာဉ်များသည် စျေးကျခြင်းမရှိဘဲ အရောင်းအဝယ်ကောင်းဆဲဖြစ်သည်ဟု လိုင်စင်မဲ့ယာဉ်ရောင်းဝယ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ သူတို့ဘယ်လောက်ပဲဖမ်းပြ၊ နယ်စပ်မှာတော့ လိုင်စင်မဲ့ကားအရောင်းအဝယ်က ပုံမှန်ပဲ။ ကား စျေးတွေကလည်း ကျတာမရှိဘူး။ တက်ပဲတက်တယ်။ ဖားအံမြို့မှာပဲ အဖမ်းပြတာပါ။ မြဝတီမှာ လုပ်တဲ့လူတွေကလည်းသူတို့ပဲ။ ပြီးတော့ ဒီနယ်စပ်ဂိတ်ကနေ အထဲကို ကားသွင်းဖို့က သူ့တို့ဂိတ် တွေကိုပဲ ဖြတ်ရတယ်။ ဘယ်ကားက ဘယ်ကိုဆင်း သူတို့ အကုန်သိတယ်။ သူတို့ပဲ လမ်းဖွင့် ထားတာလေ”ဟု ပြောသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီမြို့မှတစ်ဆင့် တင်သွား လာကြကာ အများစုမှာ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် -BGFဂိတ်နှင့် စစ်ကောင်စီ စစ်တပ်ဂိတ်များကို ဂိတ်ကြေးပေးပြီးမှ တင်သွင်း၍ရကြောင်း လိုင်စင်မဲ့ကားများကို ပို့ဆောင်မောင်းနှင် ပေးသူတစ်ဦးက ပြောသည်။

“လိုင်စင်မဲ့ကားတွေက နယ်စပ်ကနေ သွင်းလာရတာဆိုတော့ BGFတို့၊ စစ်ကောင်စီဂိတ်တွေပဲ ဖြတ်လာ ရတယ်။ သူတို့ဂိတ်တွေမှာ ဂိတ်ကြေးဖြတ်ပြီးမှ မောင်းလာလို့ရတယ်။ မြဝတီကနေ ဖားအံအထိ မောင်း လာပေးရင် မောင်းလာပေးခ ၃ သိန်းပေးတယ်။ အဲဒါဆိုရင် ဂိတ်ကြေးတွေပေးရပြီး ကိုယ့်အတွက် ၁ သိန်းလောက်ပဲကျန်တယ်။ ညီနောင်ဂိတ်၊ တံတားကျိုးဂိတ်၊ ဂျိုင်းတံတားဂိတ်အကုန်ပေးရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီမှ တစ်ဆင့် ဆင်းလာသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို ကရင်ပြည်နယ်အပြင် မွန်ပြည်နယ် ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့များတွင် ပို့ဆောင်ပေးနေကြကာ အဆိုပါ ပို့ဆောင် သည့်လမ်းကြောင်းပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ စစ်ဆေးရေးဂိတ်ကြီး အများအပြားရှိ သော်လည်း ဖမ်းဆီးမှုမရှိဘဲ အခကြေးငွေယူပြီး ဖြတ်သန်းခွင့်ပြုသည်ဟု သိရသည်။

၎င်းအပြင် ပြည်မသို့ လိုင်စင်မဲ့မော်တော်ယာဉ်တင်သွင်းသူ အများစုသည်လည်း ဌာနဆိုင်ရာ အကြီးအကဲနှင့်နီးစပ်သည့်သူများ၊ ဌာနေတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အကြီးအကဲများနှင့်နီးစပ်သည့်သူများသာ လုပ်ဆောင်နေသည်ဟု လိုင်စင်မဲ့ ကားအရောင်း အဝယ်လုပ်သူများက ပြောသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်များကို ပို့ဆောင်ပေးနေသည့်ယာဉ်မောင်းများသည် ခရီးအနီးအဝေးပေါ်မူတည်၍ သီးနှင့်ချီယာဉ်မောင်းခ ပေးဆောင်ရသည်ဟု သိရသည်။