Home သတင်း ကော့ကရိတ်မြို့တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့

ကော့ကရိတ်မြို့တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့

1084
Photo-Crd

ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဇွန်လ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ လက်အောက်ခံတပ်တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၇)ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် နီးစပ်သူဘက်က ပြောသည်။

ကော့ကရိတ်မြို့အဝင် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးအရှေ့ သုသာန်တွင် တပ်စွဲထားသောစစ်ကောင်စီ လက်အောက်ခံတပ် ခြေမြန်တပ်ရင်း-ခမရ ၂၃၀၊ ခြေလျင်တပ်ရင်း-ခလရ ၉၇ နှင့် (KNLA)ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား(၇)ဦးသေဆုံးခဲ့ပြီး ဆယ်ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်နှင့် နီးစပ်တစ်ဦးက ပြောသည်။

၎င်းက“တိုက်ပွဲဖြစ်တာ ၂ နာရီလောက်ကြာမယ်။ သေနတ်သံကြားတာနဲ့ စကစ ဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ။ စကစကတော့ (၇)ယောက်လောက် သေ တယ်။ ဒဏ်ရာ ရတာတော့များတယ်။ တော်လှန်ရေးဘက်တော့ (၁)‌ယောက်ကျတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထိုနေ့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှု ကြောင့် ချောင်းတောင် ရပ်ကွက်မှ ဒေသခံ(၁)ဦး လက်နက်ကြီးထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒေသခံပြည်သူတစ်ဦးကလည်း “စကစက လက်နက်တွေ ရမ်းပစ်နေတာ အားလုံးက ၉၇ နဲ့ ၂၃၀ တပ်က ပစ်နေတာ ဒီအတိုင်းဆက်ပြီးရွာတွေ ဘက်ပစ်ထုတ်နေရင် အရပ်သားတွေပိုပြီး သေဆုံးထိခိုက်တာတွေ ဆက်ရှိနေဦးမှာ”ဟု ပြောသည်။

ကော့ကရိတ်မြို့ ပေါ်ရှိစစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း လက်နက်ကြီးများ အမြဲပစ်ခတ်နေပြီး ထိုသို့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ယခုလဇွန်လအတွင်း အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ပြုစုထားသည့် စာရင်းအရ သိရှိရသည်။