Home သတင်း စစ်ဘေးရှောင်နေရသည့် ကလေးငယ်အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များလျက်ရှိ

စစ်ဘေးရှောင်နေရသည့် ကလေးငယ်အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များလျက်ရှိ

754

ဇွန်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များတွင် မိုးတွင်းကာလ သန့်ရှင်းသော သောက် သုံးရေ မရရှိသောကြောင့် စစ်ဘေးရှောင် ကလေးငယ်အများစုမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များ နေကြောင်း ၎င်းတို့ကို အနီးကပ်ကူညီပေးနေသည့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ဒေသခံအများစုသည် ချောင်းရေနှင့်တောင်ကျရေကိုသာ အဓိက သောက်သုံး နေရပြီး မိုးတွင်းကာလ ရေးများ မသန့်ရှင်းသောကြောင့် အသက် ၅နှစ်အရွယ်နှင့် ဆယ်ကျော်သက် အရွယ် စစ်ဘေးရှောင် ကလေး အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေကြောင်း စစ်ရှောင် အနီးကပ် ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ဒီနှစ်က မိုးနောက်ကျတဲ့အတွက် သောက်ရေတွေက မသန့်ဘူး ။အဲ့ဒီရေတွေကိုသောက်မိတော့ ကလေး အများစုကခံနိုင်ရည်မရှိဘူးလေး။ အဲ့ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အခုရက်ပိုင်းအတွင်း ပိုပြီး အဖြစ်များလာတာ။ ပြီးရင် ကိုယ်ခံအားတွေကျလာတဲ့အထိဘဲ။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် ယခုဇွန်လ ပထမ အပတ်ကလည်း သွေးလွန် တုပ်ကွေး ဖြစ်ပွားသူစုစု‌ ပေါင်း ၃၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိတွင်လည်း သန့်ရှင်းသည့် သောက်သုံးရေများမရရှိသလို ဆေးဝါး ထောက်ပံ့မှုများ အလုံအလောက်မရရှိသောကြောင့် လတ်တလောတွင် ဆေးဝါးပြတ်လပ်သည့် အနေ အထာ နှင့်ပါ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင် အနီးကပ် ကူညီသူတစ်ဦးကဆက်ပြောသည်။

၎င်းက “ဒီဘက်မှာ ဆေးဝါးထောက်ပံ့မှုတွေမရှိတော့ ဒုက္ခရောက်တာပေါ့။ ရှိတဲ့ဆေးနဲ့ ကုနေရတယ်။ အခုက ငှက်ဖျားရော ဝမ်းပျက်ဝမ်းလျှောရော ဖြစ်ကြတာ။ သေတဲ့အထိဖြစ်တာတော့မရှိသေးဘူး။တစ်နှစ်နဲ့တစ်နှစ်က ရောဂါဖြစ်ပုံခြင်းလည်းမတူဘူးလေး။ မိုးရွာလည်းနောက်ကျတော့ ဒီနှစ်မှာပိုဆိုးတယ်။ပြီးတော့ အစားအသောက် တွေလည်း ပြတ်လပ်တဲ့ အခြေနေဖြစ်နေပြီး။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ဒေသတွင် စစ်ကောင်စီမှ မြို့တွင်းမှ ကျေးလက်ဒေသများသို့ စာနပ်ရိက္ခာနှင့် ဆေးဝါး သယ်ယူမှုများကို ကန့်သတ် စစ်ဆေး ပိတ်ပင်မှုများရှိနေသောကြောင့် စစ်ရှောင် ပြည်သူများအတွက် လိုအပ်သော စားနပ်ရိက္ခာ နှင့် ဆေးဝါးများ ပြတ်လပ်နေခြင်းဖြစ်ကြောင်းလည်း စစ်ရှောင် ကူညီသူများက ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်စုစုပေါင်း (၈,၀၀၀)ကျော်အထိရှိနေပြီး ဇွန်လပထမအပတ်တွင် ၎င်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်ဦးရေ ပိုတိုးလာပြီး အာဏာသိမ်း စစ်ကောင်စီဘက်မှလည်း အင်အား ပြန်လည်ဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်း မီဒီယာများရဲ့ ဖော်ပြ ချက်များ အရသိရသည်။