Home သတင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပပျောက်ရေး ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆန့်ကျင်ကြရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီပြော

စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပပျောက်ရေး ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆန့်ကျင်ကြရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီပြော

326

ဇွန်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ အကြမ်း ဖက်မှုများ ပပျောက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ၊ လူမှုအသိုင်းအဝိုင်းများအနေဖြင့် ပူးပေါင်းဆန့်ကျင်ကြရန် ကျောက်ကြီးမြို့နယ် ကရင်အရေး ပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ယနေ့ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုပုံစံအမျိုးမျိုးအပြင် အာဏာသုံးအမြတ်ထုတ်ခြင်းများကိုလည်း လုပ်ဆောင်လာသောကြောင့် လူထုဘဝ အေးချမ်း တည်ငြိမ်ရေးအတွက် စစ်ကောင်စီ၏ လုပ်ရပ်များကိုရပ်တန့်၍ စစ်တန်းလျားသို့ပြန်လည်နေထိုင်ရန် မိမိတို့ ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် လိုလားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဆက်လက်ပြီး အဆိုပါထုတ်ပြန်ချက်တွင် ကျောက်ကြီးမြို့နယ် ကျေးရွာများအတွင်းရှိ နေအိမ် များအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကိုပစ်မှတ်ထား၍ လက်နက်ကြီး၊ ငယ်များဖြင့်လည်းကောင်း လေကြောင်းမှနေ၍လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို လုပ်ဆောင်နေခြင်းကြောင့် ကျေးရွာ ပေါင်း(၁၈)ရွာမှ ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် စစ်ကောင်စီ၏မြေပြင်စစ်ကြောင်းထိုးခြင်းများကြောင့် စိတ်ပိုင်း ဆိုင်ရာထိခိုက်ခံစားရမှုများရှိနေသလို မိုးရာသီအတွင်း ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေကြောင်း၊ ထို့အတူ လယ်မြေအလုပ်လုပ်ကိုင်သူများအတွက်လည်း စိုက်ပျိုး ရိတ်သိမ်းနိုင်ခြင်းမရှိသည့် အခြေအနေများကြောင့် နောင်လာမည့်နှစ်များတွင် စားနပ်ရိက္ခာ မလုံလောက်သောပြဿနာများ ကြုံတွေ့လာနိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် ညောင်လေးပင်ခရိုင်အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများနှင့်ပတ်သက်၍ “အရပ်သားပြည်သူတွေရှိတဲ့ဆီကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်သလိုမျိုး လူ့အခွင့် အရေးချိုးဖောက်မှုတွေခံနေရတဲ့အတွက် လူထုက နေထိုင်ရမလုံခြုံတော့တာတွေ ဖြစ်လာတယ်။ အဲ့လို ပစ်ခတ်မှုတွေဖြစ်တိုင်း ဒေသခံတွေက ထွက်ပြေးလိုက်၊ ငြိမ်သွားရင်ပြန်လာလိုက်နဲ့ အခါခါဖြစ်လာတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေက ပိုဒုက္ခ ရောက်တယ်။” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG မှ ပြောခွင့်ရ စောနန္ဒဆူးကလည်း ပြောသည်။

ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့အနေဖြင့်လည်း လယ်ဝိုင်းကြီး၊ မဘီလေး၊ ဘော်ကထာ၊ ငဖယ်အင်း အစရှိသည့်ကျေးရွာများရှိ အိမ်ခြေ ခုနှစ်ရာကျော်မှ လူဦးရေလေး ထောင်ကျော်အတွက် လိုအပ်သောစားနပ်ရိက္ခာ၊ အမိုးအကာနှင့် စောင်၊ ခြင်ထောင်များအား ထောက်ပံ့ကူညီခဲ့သလို စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသော ဒေသခံပြည်သူများအတွက် အကူအညီများ ဆက်လက်လိုအပ်လျက်ရှိကြောင်း ကေအဲန်ယူ၏ ဇွန်လ(၉)ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် မေလအတွင်း လယ်ဝိုင်းကြီးကျေးရွာရှိ အရပ်သားပြည်သူနေအိမ်(၄၂)လုံး၊ ပိုးလိုးနိုဖိုးကျေးရွာမှ အိမ်(၂)လုံးအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ခြင်းနှင့် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာရှိ ဒေသခံပြည်သူ (၁၉)ဦးအား အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ စစ်ကောင်စီ၏လုပ်ရပ်ကို လက်မခံကြောင်း မေလ(၁၇)ရက်နေ့က ပထမအကြိမ် သဘောထားထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုလို ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။