ဇွန်လ ၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)၊ နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကြာအင်းဆိပ်ကြီးမြို့အတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သံဃာတော် တစ်ပါးအပါအဝင် ကလေးငယ် ၁ ဦးနှင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးခဲ့ ရကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း(ခလရ−၃၂) (ခလရ−၂၈၃) နှင့် အမှတ် ၁ ဗျူဟာတို့မှ ၁၂၀ မမလက်နက်ကြီးများဖြင့် ပြည်သူလုထုများကို ပစ်ခတ်ခဲ့ပြီး မော်လမြိုင်အခြေစိုက် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် (ရတခ) လေတပ်မှ Mi-35P Helicopter ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုလို သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၃ ရပ်ကွက်ရှိ ကမ်းနားဘုန် းတော်ကြီးကျောင်းနေ သက်တော် ၄၆ နှစ်ရှိ သံဃာတော်တစ်ပါးမှာ လက်နက်ကြီးကျည်စထိမှန်၍ ကွယ်လွန်သွားခဲ့ပြီး အမှတ် (၆) ရပ်ကွက်နေ အသက် ၃၈ နှစ်ရှိသည့် ဦးကရင်၊ အသက် ၄၉ နှစ်ရှိသည့် ဦးပန်းအေးနှင့် အသက် ၁၃ နှစ်ရှိသည့် မောင်အာလီတို့လည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများနှင့် နေအိမ်များပေါ်သို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ်၊ ဘာသာရေး အဆောက်အဦး၊ ဘုရားကျောင်း နှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှု ပိုမိုများပြားလာလျက်ရှိသည်ဟု ကေအဲန်ယူဗဟို၏ ဖော်ပြချက်အရ သိရသည်။
ထိုသို့နှစ်ဖက်တိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြီးမြို့နေ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်အသီးသီး တွင်သာ ပုန်းအောင်းနေရဆဲဖြစ်ပြီး မြို့ဝင်မြို့ထွက်များတွင် စစ်ကောင်စီတပ်မှ လုံခြုံရေးယူ ထားဆဲဖြစ်သောကြောင့် အခြားလုံခြုံသည့်နေရာများသို့ စစ်ဘေးတိမ်းရှောင်ကြရန် ခက်ခဲလျက်ရှိနေကြောင်းလည်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။



















