Home သတင်း ရွှေကုက္ကိုလ်ဒေသတွင် ကာစီနိုနှင့် အွန်လိုင်းလူလိမ်ယူမှုခေါ် လုပ်ငန်းအချို့ ရပ်နားထားရပြီး အလုပ်သမား (၆၀) ကျော် အလုပ်ပြုတ်

ရွှေကုက္ကိုလ်ဒေသတွင် ကာစီနိုနှင့် အွန်လိုင်းလူလိမ်ယူမှုခေါ် လုပ်ငန်းအချို့ ရပ်နားထားရပြီး အလုပ်သမား (၆၀) ကျော် အလုပ်ပြုတ်

902

ဇွန်လ(၂၆)ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှစ၍ ထိုင်းနိုင်ငံ ဘက်မှ WIFI အင်တာနက် ဖြတ်တောက်ထားမှုကြောင့် ကာစီနိုလုပ်ငန်း နှင့် အွန်လိုင်းလူလိမ်ခေါ်သည့် လုပ်ငန်း အချို့ ရပ်နားထားရပြီး အလုပ်သမား(၆၀)ကျော် အလုပ်ပြုတ်သွားကြောင်းဒေသခံများထံမှတဆင့်သိရသည်။

ထိုင်နိုင်ငံဘက်မှ ကနဦးတွင် လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက် WIFI အင်တာနက် လိုင်းများကို ထပ်မံ ဖြတ်တောက်လိုက်သောကြောင့် ပြည်ပမှလာရောက်သည့် တရုတ်လူမျိုးများအပြင် အခြားနိုင်ငံ ခြားသားများ လုပ်ကိုင်သည့် ကာစီနိုလောင်းကစားရုံလုပ်ငန်းတစ်ခုနှင့် အွန်လိုင်းလူခေါ်လုပ်ငန်းနှစ်ခုတို့ ရပ်နားထားရပြီး ၄င်းလုပ်ငန်းမှ အလုပ်သမား (၆၀) ကျော် အလုပ်ပြုတ်သွားကြောင်း ရွှေကုက္ကိုလ် ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

၄င်းက “အစကမီးပဲဖြတ်တော့ မီးစက်ကြီးနဲ့သူတို့မောင်းပြီး လုပ်လို့ရသေးတယ်။ အခုတရုတ်ဆိုက်မှာက WIFI ပါဖြတ်ခံလိုက်ရတော့ တရုတ်ကုမ္မဏီတွေ ရပ်နားလိုက်ရတယ်။ တစ်ချို့သူဌေးတွေက အလုပ်ရပ်လိုက်တော့ သူတို့ အောက်က အလုပ်သမားတွေလည်း အကုန်ပြုတ်ကုန်တယ်။ ပြီးတော့ ကာစီနိုထဲမှာ လုပ်တဲ့ အလုပ်သမား တွေလည်း အလုပ်ဖြုတ်ခံလိုက်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ဖြတ်တောက်လိုက်ပြီးနောက် ယခုလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံဘက်မှသွယ်ယူထားသည့် အင်တာနက် WIFI လိုင်းများကိုပါ ထိုင်းနိုင်ငံဘက်ခြမ်းက ဖြတ်တောက်လိုက်ခြင်းဖြစ်သောကြောင့် လျှပ်စစ်မီးနှင့်အင်တာနက်ကို အဓိက အားထားအသုံးပြုရသည့် လုပ်ငန်းများကို ရပ်နားလိုက်ရခြင်းလည်းဖြစ်သည်။

သို့သော် ရွှေကုက္ကိုလ်ဒေသအတွင်းရှိ ရပ်ကွက် ၆ ခုကို မြဝတီမြို့အမှတ်( ၂) တံတားဘက်ခြမ်းမှ သွယ်တန်း ထားသည့် လျှပ်စစ်ဓာတ်အားလှိုင်းကို အသုံးပြု၍ အချိန်အကန့်အသက်ဖြင့် လျှပ်စစ်မီး ဖြန့်ဝေပေးနေပြီး ယခုလမှစ၍ လျှပ်စစ်မီး တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ၁၃ ဘတ်အထိ ကောက်ခံမည်ဟုလည်း ဒေသခံတစ်ဦး က ကေအိုင်စီသို့ ယခုလိုဖြည့်စွက်ပြောသည်။

“ပြီးခဲ့တဲ့လကတော့ တစ်ယူနစ်ကို ၁၀ ဘတ်နဲ့တွက်တယ်။ အခုက တစ်ယူနစ်ကို ၁၃ ဘတ်နဲ့သူတို့တိုး ပြီးကောက် မယ်ပြောတယ်။ ကျနော့်အိမ်မှာတောင် မီးက ဘတ် တစ်သောင်းအထိ တက်သွားတယ်။ ဒါတောင်မီးက ပုံမှန်လာ နေတာမဟုတ်ဘူး။ အချိန်ပိုင်းနဲ့ကို ပိုပြီးကောက်လာတာ”ဟုကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။

ထိုသို့ ရွှေကုက္ကိုလ်ဒေသရှိ ကာစီနိုနှင့် လူခေါ်လုပ်ငန်းအချို့ ရပ်နားထားရမှုများ ရှိနေသော်လည်း ပြည်ပ နိုင်ငံအသီးသီးမှ လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံ၏ အတွင်းပိုင်းဒေသ ပြည်မ မှအလုပ်သမားများက စားသောက်ဆိုင်၊ KTV နှင့် Bar စသည့်ဆိုင်များကိုလည်း တိုးချဲ့ဖွင့်လှစ် လာလျက်ရှိ နေကြောင်းဒေသခံများထံမှ သိရသည်။