Home သတင်း ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးအရေးယူမှုပိုမိုလုပ်ဆောင်လာသဖြင့် ဒေသခံများ သွားလာရေးခက်ခဲလာ

ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးအရေးယူမှုပိုမိုလုပ်ဆောင်လာသဖြင့် ဒေသခံများ သွားလာရေးခက်ခဲလာ

801

ဇွန်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အပြင် အခြားမြို့နယ်များတွင်လည်း ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးစစ်ဆေးအရေးယူမှု ပိုမိုလုပ်‌ဆောင်လာသောကြောင့် အသွားအလာအခက်အခဲလာသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက လိုင်စင်မဲ့မော်တော်ယာဉ်များကို ယခင်က ဖားအံမြို့တွင်သာ အဓိက ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သော်လည်း ယခု ကော့ကရိတ်၊ လှိုင်းဘွဲနှင့် မြဝတီမြို့နယ်များအထိ ဖမ်းဆီးအရေးယူမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာသည့်အတွက် ကျေးရွာရှိ ပြည်သူများသည် နီးစပ်ရာမြို့ထဲသို့ ကုန်ပစ္စည်း သွားရောက်ဝယ်ရန်အခက်အခဲရှိလာသည်ဟု ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “လိုင်စင်တွေ၊ ယာဉ်မောင်းတွေစစ်တယ်။ ကားသိမ်းမလား၊ ဒဏ်ရိုက် မလားတော့ သေချာမသိသေးဘူး။ အခုမြို့ထဲမှာကားတွစစ်ဆေး‌တော့ မြို့ထဲက အသိတွေလည်းပြောလာတယ်။ ကျနော်ကား လည်း without (လိုင်စင်မဲ့ )ပဲဆို‌တော့ မြို့ထဲသွားမရဲတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်ရှိ ဒေသတော်တော်များများမှ ဒေသခံအများစုသည် မြဝတီနယ်စပ်မှတင်သွင်းလာသော လိုင်စင်မဲ့ယာဉ်များကိုသာ အသုံးပြုသွားလာနေကြပြီး ယခုလို လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးစစ်ဆေးမှုပိုမို တင်းကြပ် လာသည့်အတွက် သွားလာလုပ်ကိုင်ရန် အခက်အခဲဖြစ်နေရကြောင်း လိုင်စင်မဲ့ယာဉ်မောင်းသူများက ပြောသည်။

“ မြဝတီ၊ ကော့ကရိတ်တို့မှာလည်း သတိနဲ့သွားလာနေရတယ်။ ဖားအံမှာလည်း ပြန်မရဲဘူး။ နဘူ-လှိုင်းဘွဲ ဘက်ပတ်သွားရတယ်။ ဖားအံဘက်သွားရင် သူတို့က ကားဖမ်းတယ်။ ကားတွေသိမ်းမယ်၊ ဒဏ်ကြေးပေးရမယ်၊ ထောင်ချမယ် အဲ့လို‌တော့ ကားသမားတွေအတွက်အဆင်မပြေဘူး။ လိုင်စင်ရှိတဲ့လူတော့အဆင်ပြေတာပေါ့။ လိုင်စင်မရှိတဲ့သူဆို သွားလာလုပ်ကိုင်ရတာ အဆင်မပြေဘူး” ဟု လိုင်စင်မဲ့ယာဉ် အသုံးပြုသည့် ဒေသခံတစ်ဦး ကေအိုင်စီသို့ ပြောသည်။

ယခင်က လိုင်စင်မဲ့မော်ယာဉ်များကို လမ်းဆုံနေရာများတွင် အဖွဲ့စုံ စုပေါင်း၍ ဖမ်းဆီးစစ်ဆေးမှုများသာ လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် လမ်းပေါ်ထွက်သည့် လိုင်စင်မဲ့ယာဉ်များမကဘဲ ရပ်ကွက်အတွင်းရှိ နေအိမ်ရှေ့တွင် ရပ်ထားသည့် လိုင်စင်မဲ့ယာဉ်များကိုပါ ဖမ်းဆီးသိမ်းယူခဲ့သည်ဟု သိရသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း သွားလာသည့်လိုင်စင်မဲ့ယာဉ်အချို့သည် လက်နက်ကိုင် အဖွဲ့အစည်း လက်မှတ်များနှင့် ငွေကြေးပေးပြုလုပ်ထားခြင်းရှိသော်လည်း အာမခံချက်မရှိတော့ကြောင်းလည်း ကားသမားများက ဆိုသည်။

ယခုလို လိုင်စင်မဲ့ကားများဖမ်းဆီး စစ်ဆေးမှုလုပ်ဆောင်နေသည့်အတွက် ဖားအံမြို့အပြင် မြဝတီ၊ ကော့ကရိတ်မြို့ များတွင် လိုင်စင်မဲ့ကားများသွားလာမှုမရှိ သလောက်နည်းပါးလာကြောင်းလည်း ဒေသခံထံမှသိရသည်။