ဇွန်လ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့ရဲစခန်းနှင့်အနီးရှိ စစ်ကောင်စီ တပ်စခန်းများတွင် ဇွန်လ(၆)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။
နတ်သံကွင်းတံတားအရှေ့နှင့်အနောက်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှစ်ခုအပါအဝင် ရေတွင်းကုန်းရွာလမ်းခွဲရှိ ကင်းစခန်း၊ နတ်သံကွင်းမြို့ ရဲစခန်းနှင့် ဘုံသတောစခန်း စုစုပေါင်း စခန်း(၅)ခုအား KNLA ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်တည်းတိုက်ခိုက်ဖျက်ဆီးခဲ့မှုကြောင့် စစ်ကောင်စီဘက်မှသေဆုံးမှုနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူ (၁၂)ဦး ရှိကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အတူ တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်(၄)ဦးသေဆုံး၍ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်၊ မိုင်းနှင့်ခဲယမ်းများအပြင် စစ်ဘက်ဆိုင်ရာသုံးပစ္စည်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ တပ်အင်အားဖြည့်တင်းလာနိုင်သော လမ်းကြောင်းရှိ ကျောက်ကြီး-နတ်သံကွင်းတံတား၊ အုန်းနဲပင်-နယွဲပင်တံတားနှင့် သာစည်-တာဆုံတံတား အစရှိ သည့်တံတား(၃)စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆိုထားသည်။
လက်ရှိ နယ်မြေအခြေအနေနှင့်ပတ်သက်၍ ဒေသခံအမျိုးသမီးတစ်ဦးက “လမ်းကလုံးဝပိတ်သွားပြီ နတ်သံကွင်းတံတားကျိုးကျတော့ လူတွေက ဟိုဘက်ကမ်းကို စက်လှေတွေနဲ့ကူးနေကြတယ်။ နတ်သံကွင်းဘက်မှာ ကေအဲန်ယူဘက်က နောက်ဆုတ်ပေးထားတော့ စစ်တပ်ဘက်က ပြန်နေပြီး အခု လုံခြုံရေးအရမ်းတင်းကြပ်ထားတယ်။ ပြေးလာကြတဲ့ထဲက ပိုက်ဆံရှိတဲ့သူတွေကတော့ မြို့တွေ ပေါ်တက်သွားကြတယ်။ အတော်များများကတော့ ဘေးလွတ်လောက်တဲ့ရွာတွေဘက် ရှောင်နေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ၏ထုတ်ပြန်ချက်အရ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ နတ်သံ ကွင်းမြို့ အတွင်းသို့ လေကြောင်းဖြင့် ၉ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုအချိန်ထိလည်း စစ်တောင်း မြစ်အရှေ့ဘက်ကမ်းရှိကျေးရွာများသို့ လက်နက်ကြီးများအသုံးပြု၍ ဆက်တိုက် ပစ်ခတ်နေသဖြင့် ကျောက်ကြီးမြို့နယ်နှင့်မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ၄,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဖော်ပြပါရှိသည်။
တိုက်ခိုက်ခံရသော နတ်သံကွင်းမြို့ရဲစခန်းနှင့် တံတားရှိ တပ်စခန်းများတွင် ယမန်နေ့ ဇွန်လ(၇)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်သလို လက်ရှိတွင် တပ်အင်အားဖြည့်တင်းခြင်းများလုပ်ဆောင်နေပြီး နတ်သံကွင်းမြို့တွင်းရှိ ရပ်ကွက်အချို့ တွင်ကျန်ရှိနေသော ဒေသခံများအား အတင်းအကြပ်ရွှေ့ပြောင်းခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း ကေအဲန်ယူနှင့်ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။