Home သတင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU နယ်မြေအတွင်း စာသင်ကျောင်းပေါင်း ၁၇ ကျောင်း ပျက်စီးခဲ့

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU နယ်မြေအတွင်း စာသင်ကျောင်းပေါင်း ၁၇ ကျောင်း ပျက်စီးခဲ့

748
Photo-KNU

ဇွန်လ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ ယခု၂၀၂၃ ခုနှစ်၊ မေလအထိ စစ်ကောင်စီလေကြောင်း တိုက် ခိုက်မှုကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်း ပေါင်း (၁၇)ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန -KECD ထံမှ သိရသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားရသည့် စာသင်ကျောင်းပေါင်း ၁၇ ကျောင်းထဲတွင် ကျောင်းအဆောက်အဦးအရေအတွက် အများအပြား ထိခိုက်ပျက်စီးခဲ့သည်ဟု KECD ဗဟို ဌာနမှူး ပဒိုစောလောအယ်မူးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ စာသင်ကျောင်းက (၁၇) ကျောင်းထိခိုက်တယ်။ အဲဒါက ကျောင်းပေါင်းပဲ၊ အဲဒီ (၁၇)ကျောင်းထဲမှာ အဆောက်အဦးထိခိုက်ပျက်စီးတာအများကြီးပဲ။ တချို့ဆို ကျောင်းတစ်ကျောင်းမှာ စာသင်ကျောင်း အဆောက်အဦး ၃ လုံး၊ ၄လုံး ပျက်စီးသွားတာလည်း ရှိတယ်။ ကျနော်တို့က ကျောင်းဆောင်ကို မတွက်ဘူးကျောင်းပေါင်းကို တွက်လိုက်တာပေါ့။ တချို့ဆိုတစ်ကျောင်းလုံး ပြန်ပြင်လို့ မရအောင် အကုန်ပျက်စီးသွားတာရှိတယ်၊ တချို့က ခေါင်မိုးတို့၊ တံခါးတို့အဲလိုပျက်စီးသွားတာရှိတယ်။ ”ဟု ပဒိုစောလောအယ်မူးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထိခိုက်ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများတွင် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ၊ မူတြော် ခရိုင်နှင့် ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်ထဲတွင် အများဆုံးဖြစ်သည်ဟု စောလော အယ်မူးက ဖြည့်စွက်ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ စာသင်ကျောင်းများကို ပစ်မှတ်ထားပစ်ခတ်နေသည့်အတွက် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲရှိ စာသင်ကျောင်းအချို့သည် လက်ရှိအချိန်ထိကျောင်းပြန်ဖွင့်ရန် အခက်အခဲ ကြုံတွေ့ နေရသည်ဟု ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်မှ ပညာရေးတာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

၎င်းက“ အခုမြေပြင်အခြေအနေမှာ ပြောရမယ်ဆိုရင် ကျောင်းဖွင့်ရမယ့်အချိန်ရောက်ပြီး တချို့ဆိုရင် ကျောင်းဖွင့်မဖွင့်၊ မသေချာသေးဘူး။ စစ်တပ်ဘက်က ကျေးရွာတွေထဲမှာ စာသင်ကျောင်းအ ဆောက် အဦးတွေကို ပစ်မှတ်ထားပစ်ခတ်တာတွေရှိတယ်။ တစ်ခါတစ်ရံမှာ စစ်တပ်ဘက်က ရွာထဲဝင်လာတော့ ကျောင်းဆရာတွေအတွက်ပါ လုံခြုံရေးစိုးရိမ်ရတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photo-KNU

၎င်းအပြင် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ (၂)နှစ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ကေအဲန်ယူနယ်မြေထဲတွင် စာသင်ကျောင်းပေါင်း ၁၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိတွင် စာသင်ကျောင်း (၃)ကျောင်း ထပ်မံပျက်စီးခဲ့ရသည်ဟု ယခုနှစ် မေလ(၁၃)ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း အဆောက်အဦးအပြင် ဆေးရုံပေါင်း(၆)လုံးပျက်စီးသွားရကာ အရပ်သား လူနေအိမ်ပေါင်း ၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံလူထု အယောက် ၁၄၀ ကျော် လက်နက်ကြီး ကျည်ထိမှန်သေဆုံး ခဲ့ရသည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။