ဇွန်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ ယမန်နေ့ ဇွန်လ ၉ ရက်ညတွင် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကမိုင်ကုန်းကျေးရွာတွင် ဒေသခံ ၃ ဦး ထပ်မံဒဏ်ရာရရှိသွားကြောင်း ရွာသားများက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် လက်နက်ကြီးများအမြဲလိုလို ပစ်ခတ်မှုလုပ်ဆောင်သောကြောင့် ဒေသခံ များ မကြာခဏ ထိခိုက်သေဆုံးလျက်ရှိသလို ယမန်နေ့ညပစ်ခတ်မှုတွင်လည်း ကမိုင်ကုန်းကျေးရွာမှ ရွာသား ၃ ဦးထပ်မံဒဏ်ရာရှိပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “စစ်ကောင်စီတပ်က လက်နက်ကြီး တောက်လျှောက်ကိုပစ်တယ်။ ဒီလတော့ လက်နက်ကြီးတွေ ပိုပစ်လာတယ်။ ကော့ကရိတ်ပတ်ပတ်လည်မှာပစ်တယ်။ ညကထိတဲ့သုံးယောက်က ဗိုက်ထိတဲ့ တစ်ယောက်တော့ အခြေအနေမသိသေးဘူး။ ပေါင်ထိတဲ့တစ်ယောက်တော့သက်သာလာတယ်။ နာထင်ထိတဲ့တစ်ယောက်တော့စိုးရိမ်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဒဏ်ရာရရှိသူ ၃ ဦးတွင် အသက် ၄၂ နှစ်ရှိသူ ဒေါ်မူးလုံးမှာ ညာဘက် နာထင်ထိမှန်ကာ ဒဏ်ရာပြင်းထန်ပြီး အသက် ၃၂နှစ်အရွယ် ကျော်မင်းထွန်းနှင့် အသက်၂၉ နှစ်ရှိသူ စမူးသန်းတို့မှာ ဘယ်ဘက်ဝမ်းဗိုက်နှင့်ဘယ်ဘက်ပေါင်တို့ အသီးသီးထိမှန်ဒဏ်ရာရရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ လှိုင်ဝကုန်းမှ လက် နက်ကြီးများပစ်ခတ်မှုကြောင့် ရွာတန်းရှည်ကျေးရွာတွင် မိသားစုဝင် ၃ ဦးထိမှန်ကာ ကလေးငယ်တစ်ဦးသေဆုံးခဲ့သေးသည်။
ကော့ကရိတ်မြို့နယ်တွင် ယခုဇွန်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရပြီဟု ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။