ဇွန်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်စပ်၊ ရှမ်းပြည်နယ်တောင်ဘက်ပိုင်းရှိ မိုးဗြဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ(၆) ရက်မှ (၈)ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် အရပ်သား ၂၆ ဦးသေဆုံးခဲ့ကြောင်း Free Burma Rangers-FBR က ဇွန်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအရပ်သားများအနက် (၁၄) ဦးသည် ဇွန်လ(၇)ရက်နှင့်(၈)ရက်နေ့တို့တွင် စစ်ကောင်စီ၏ လက်နက်ငယ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ကျန်ရှိ (၁၂) ဦးမှာ လက်နက်ကြီးထိမှန်၍ သေဆုံးခဲရသော မိုးဗြဲမြို့မြောက်ပိုင်းရှိကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း Free Burma Rangers ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ -KnHRG ၏ ဒါရိုက်တာ ဦးဗညားခွန်အောင်က “ကျနော်တို့အနေနဲ့ မြို့ထဲအထိ သွားဖို့က စစ်ကောင်စီက တပ်စွဲထားနေသေးတဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ အလောင်းတွေက တော်တော်လေးပုပ်ပွနေတာရှိတဲ့အတွက်ကြောင့် အလောင်းကိုကြည့်ပြီး ဘယ်လို ပုံစံနဲ့သတ်ဖြတ်ခံရတာ လဲဆိုတာ ပြောဖို့ခဲယဥ်းသေးတယ်ဆိုပေမယ့် အသတ်ခံရတာတော့ သေချာ တယ်။ ဒီဇွန်လ ပထမအပတ်ထဲမှာဆိုရင် တိုက်ပွဲတွေပိုပြင်းထန်ပြီးလာပြီး ပိတ်ဆို့နေတဲ့အနေ အထား ဖြစ်နေတယ်။” ဟု ကေအိုင်စီသို့ ပြော သည်။
ထို့အတူ FBR၏ ထုတ်ပြန်ချက်တွင် လက်နက်ငယ်ကြောင့်သေဆုံးခဲ့သော ဒေသခံများအနက် (၆) ဦး၏ ခန္ဓာကိုယ်ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ၎င်းနယ်မြေအတွင်း ယခုအချိန်ထိ စစ်ကောင်စီတပ်များတပ်စွဲ နေထိုင်နေသဖြင့် လုံခြုံရေးအန္တရာယ်ရှိမှုကြောင့် ဒေသခံကျေး ရွာသားများအနေဖြင့် သေဆုံးသူများ၏ကျန်ရှိ ခန္ဓာကိုယ်ရုပ်အလောင်းများအား သယ်ဆောင်ရန် အခက်အခဲရှိကြောင်း၊ ခန္ဓာကိုယ်တစ်ခုအား ဒရုန်းအသုံးပြု၍ ရိုက်ကူးမှုအရ ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ရှာဖွေတွေ့ရှိခဲ့သည့် ခန္ဓာကိုယ် သုံးခုကိုကြည့်ခြင်းဖြင့် အဆိုပါဒေသခံများသည် မသေဆုံးမီက ဒူးထောက်လျက်အနေအထားဖြင့် စစ်ကောင်စီမှ ဦးခေါင်းကို အနီးကပ်ပစ်သတ်ခြင်းခံခဲ့ရခြင်းဖြစ်နိုင်ကြောင်းလည်း FBR ၏ ထုတ်ပြန်ချက်တွင် ပုံနှင့်တကွ ညွှန်းဆိုထားသည်။
ဆက်လက်ပြီး စစ်ကောင်စီသည် အဆိုပါနယ်မြေသို့ လက်နက်ကြီး အပြင်းအထန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ(၁၂)ဦးသေဆုံးသလို (၂၀)ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံအများစု နေရပ်စွန့်ခွာခဲ့ကြသော်လည်း မြို့နားတဝိုက်တွင် လယ်ယာစိုက်ခင်းများရှိနေခြင်းနှင့် နေအိမ်မှစွန့်ခွာပြီး နောက် အသက်ရှင်နေထိုင်ရန်နည်းလမ်းမရှိသဖြင့် ဒေသခံအနည်းစုမှာ ထွက်မပြေးဘဲ နေအိမ်တွင်ဆက်လက် ကျန်ရစ်နေသေးကြောင်း FBR က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ကရင်နီပြည်နယ်တွင် နယ်မြေခံကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲ မဖြစ်သည့် ကာလများတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများသည် လက်ရှိအချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်ပြီး လွိုင်ကော်မြို့၊ မိုးဗြဲနှင့် ဒီးမော့ဆိုမြို့တို့တွင် ယမန်နေ့ ဇွန်လ(၁၄) ရက်နေ့ ညပိုင်းအထိ တစ်ရက်အတွင်း လက်နက်ကြီးအလုံးရေ (၃၀)ကျော်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
အလားတူ လက်နက်ကိုင် ပဋိပက္ခများကြောင့် ကရင်နီပြည်နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် နေရပ် စွန့်ခွာထွက်ပြေးနေရသူ နှစ်သိန်းထက်မနည်းရှိနေပြီး လတ်တလောနှစ်ဖက်ထိတွေ့ တိုက်ပွဲများ၊ စစ်ကောင်စီ ၏လေကြောင်းသုံး၍တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နယ်စပ်ဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်ရသူဦးရေ လေးထောင် အထိရှိလာကြောင်း KnHRG ၏ ပြုစုထားသည့် မှတ်တမ်းများရ သိရသည်။