မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည်နယ်မြေရဲစခန်းအား ဧပြီလ(၂၇)ရက် နေ့က ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ (၂၀)ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် လက်ရှိအချိန်တွင် ထပ်မံဖမ်းဆီးခံရသူများရှိလာပြီး စုစုပေါင်း ဖမ်းဆီးခံရသူ (၃၀)ဦးကျော် ရှိနေပြီဖြစ်ကြောင်း ဝေါမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ညောင်ခါးရှည်နယ်မြေ ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးအား ဝေါ-ပကဖ နှင့် ပဲခူးခရိုင်တပ်ရင်း(၃၇၀၁)တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၂၈) ရက်နေ့ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးမှုကြောင့် Non CDM တစ်ဦး အပါအဝင် ဒေသခံ (၂၀)ဦးဖမ်းဆီးခံထားရသလို ယခင် ဒီမိုကရေစီအရေး တက် ကြွ လှုပ်ရှားသူများ၊ NLD ပါတီနှင့်သက်ဆိုင်သော ဒေသခံများကိုလည်း ရဲစခန်းတိုက်ခိုက်မှု နှင့်မသက်ဆိုင်ပဲ ဖမ်းဆီးထားကြောင်း ဝေါ-ပကဖ တာဝန်ရှိသူနှင့်ဒေသခံများက ပြောသည်။
ဝေါမြို့ခံတစ်ဦးက “ဖမ်းခံရတာ အယောက်(၃၀)ကျော်ရှိသွားပြီ။ အရင်ရက် ကဖမ်းတဲ့လူတွေလည်း ပြန်မလွတ်သေးဘူး။ စစ်တပ်က ရွာတွေမှာ ဝင်ပြီး လမ်းမှာ တွေ့တဲ့လူတွေကို ဖမ်းကြိုးတွေနဲ့ တုပ်ပြီးတော့လည်း ရိုက်စစ်တာရှိတယ်။ ပုဂံရွာက လူငယ်တစ်ယောက်ကိုလည်း မနေ့ကညနေက ဖမ်းပြီးကြိုးနဲ့တုပ်ရိုက်တာ ခေါင်းကွဲ သွားတယ်။ နောက်ထပ်အဖမ်းခံရတဲ့သူတွေကိုလည်း စစ်ကြောရေးပို့လိုက်ပြီ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများမှာ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ၊ ဖိုးစပါယ်ကျေးရွာ၊ ဝင်းက ဒတ်ကျေးရွာနှင့် ချောင်းကျိုးကျေးရွာများမှ ဒေသခံများ ဖြစ်ကြပြီး စစ်ကောင်စီလက်အောက်ခံ သတင်းပေးများ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဝေါ-ပကဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဝေါ-ပကဖက စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော ဝေါမြို့နယ်ရှိ ရပ်ကွက် နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများအား ထိုလက်နက်များအား ပြန်အပ်ပြီး မတ်လ(၃၁) ရက်နေ့မှ တစ်ပတ်အတွင်း ဝေါမြို့နယ်မှ ထွက်ခွာပေးကြရန် ပြီးခဲ့သည့်မတ်လ(၂၄)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သလို ယခု ဧပြီလနောက်ဆုံး အပတ်တွင်လည်း စစ်ကောင်စီသို့သတင်းပေးနေသော စစ်ကောင်စီလက် အောက်ခံများအား ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှ တဆင့်သတိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ထွက်ခွားခြင်းမပြုကြ သေးကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ကလည်း ဝေါမြို့နယ် ပုရားပျိုကျေးရွာအထွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံပျူစောထီးများ ပူးပေါင်း လုံခြုံရေးယူထားသော စစ်ဆေးရေးဂိတ်ကို ဝေါ-ပကဖ က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၂)ဦးသေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။



















