Home သတင်း ရွှေကုက္ကိုလ်ဒေသတွင် မြေကွက်များ စျေးကောင်း ပေးဝယ်နေ

ရွှေကုက္ကိုလ်ဒေသတွင် မြေကွက်များ စျေးကောင်း ပေးဝယ်နေ

1125

မေလ ၂၁ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မြဝတီမြို့မြောက်ဘက်ရှိ နယ်ခြားစောင့်တပ်(BGF)များထိန်းချုပ်ရာ တရုတ်မြို့သစ်ဟု လူသိများသည့် ရွှေကုက္ကိုလ်ဒေသတွင် မြေယာ၊ ခြံမြေ ဘတ်သိန်းနှင့်ချီပေး၍ စျေးကောင်းပေးဝယ်နေကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

(BGF)တပ်များ၏ အကူအညီဖြင့် ပြည်ပမှ လာရောက်သည့် တရုတ်လူမျိုးများနှင့်အတူ အလျားပေ၄၀ အနံ ၆၀ရှိ မြေကွက် တစ်ကွက်လျှင် ဘတ် ၂ သိန်းအထိပေး၍ ဝယ်ယူနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရွှေကုက္ကိုလ် ဒေသခံရွာသားတစ်ဦးက ယခုလို ပြောသည်။

“အခုမြေကွက်တွေက တစ်ကွက်ကို ၂ သိန်းကျော်အနည်းဆုံးရှိတယ်။ အရင်ကဆို မြေကွက်တွေက ၅သောင်း လောက်ပဲရှိတယ်။ မြေစျေးတက်ကုန်တာ ၂ နှစ်လောက်ရှိပြီး။ ခြုံတွေပဲရှိတဲ့နေရာတွေက အခုအိမ်တွေအပြည့်ပဲ။ BGF တွေက မြေလိုက်တိုင်းပေးတယ်။ တရုတ်တွေက ညနေဘက်တွေဆို ရွာဘက်မှာ မြေကွက်တွေလိုက်ကြည့်တယ်။ ပြီးရင်သူတို့ ငှားချင်တဲ့အိမ်တွေဆို ၁ နှစ်စာ စာချုပ်ချုပ်ပြီး ငှားလိုက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မြေကွက်များကို ဒေသခံများက တရုတ်လူမျိုးများထံ စားချုပ်ဖြင့် ငှားရမ်းမှုများရှိသလို စျေးကောင်းပေး ဝယ်ယူ ပြီးနောက် နေအိမ်အဆောင်အများဆောက်လုပ်ကာ တစ်ဆင့်ခံ ပြန်လည်အငှားချလျက်ရှိနေကြောင်း ဖော်ပြပါ ဒေသခံက ဆက်ပြောသည်။

“တရုတ်တွေနဲ့ စျေးတည့်သွားရင် ငှားလိုက်တယ်။ တစ်ချို့မြေကွက်တွေဆို တရုတ်တွေ အပိုင်ဝယ်ပြီး အိမ်ဆောက် အဲကွန်းတွေပြန်ဆင်ပြီးရင် သူတို့တရုတ်အချင်းချင်း ပြန်ငှားစားကြတယ် ”ဟု ဖြည့်စွက်ပြောသည်။

ထို့အတူ ၎င်းကျေးရွာအတွင်းရှိ မြေကွက်များသည် ဘတ်သိန်းချီ စျေးပေါက်နေရုံသာမက ဆိုင်ခန်း၊ လိုင်းခန်း များသည်လည်း တရုတ်မှ စျေးကောင်းပေး ငှားရမ်းနေသောကြောင့် အခန်းငှားခများ စျေးတက်လာကာ အမြင့်ဆုံး ဘတ် (၁၈,၀၀၀) အထိပေး၍ ငှားနေရကြောင်း ပြည်မဘက်မှ လာရောက်အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီကိုစစရောက်ရောက်ချင်း လိုင်းခန်းတွေဆို ဘတ် (၁,၅၀၀) (၂,၀၀၀) ပဲရှိတယ်။ အခုအခန်းတွေက (၁၈,၀၀၀) အထိရှိတယ်။ အခန်းက ကျဉ်းကျဉ်းလေးပဲ။ တရုတ်တွေက အခန်းရချင်လို့ ဒီကအခန်းပိုင်ရှင်တွေ ကိုပိုပေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင်လည်း  ရွှေကုက္ကိုလ်မြို့သစ်တွင် နယ်ခြားစောင့်တပ်(BGF)တပ်များက စီမံကိန်း အသစ် တစ်ခုနှင့် အဆောက်အအုံးများကို ထပ်မံတိုးချဲ့ဆောက်လုပ်လျက်ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် တရုတ်လူမျိုးများအပြင် မြန်မာ့ အိမ်နီးချင်း တိုင်းပြည်မှ နိုင်ငံခြားသားများ လည်း ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသလို မြန်မာပြည်၏ ပြည်မမှ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား အများအပြားလည်းရှိကာ အဓိက အားဖြင့် ကာစီနိုလောင်းကစားရုံများ နှင့် စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ အွန်လိုင်း လောင်းကစားရုံများ အစရှိသည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် လျက်ရှိကြသည်။