Home သတင်း အာဆီယံနှင့်ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆောင်ရွက်နေဟု PPST ပြော

အာဆီယံနှင့်ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆောင်ရွက်နေဟု PPST ပြော

1057
Photo: NCA-S EAO

မေလ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPSTက အဖွဲ့ဝင် တိုင်း ရင်းသား လက်နက်ကိုင်များ၏ သက်ဆိုင်ရာနယ်မြေအသီးသီးတွင် အာဆီယံနှင့်ပူး ပေါင်း၍ လူသားချင်း စာနာရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း မေလ(၁၇)ရက်နှင့်(၁၈)ရက်နေ့က ကျင်းပပြုလုပ်သော ထိပ်သီးမျက်နှာစုံညီ အစည်းအဝေးပွဲအပြီးတွင် ပြောဆိုလိုက်သည်။

အဆိုပါအစည်းအဝေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ -NSPNC နှင့် PPST တို့ အွန်လိုင်းဖြင့် ကျင်းပပြု လုပ်ခဲ့သော အလွတ်သဘောအစည်းအဝေးမှ ဆွေးနွေးချက်များအား NCA တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အသီးသီးသို့ တင်ပြ၍ လမ်းညွှန်မှုခံယူသည့်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း PPST မှ သိရသည်။

PPST ၏ မေလ(၁၈)ရက်နေ့က အစည်းအဝေးထုတ်ပြန်ချက်တွင် ၎င်းတို့ အပစ်ရပ်အဖွဲ့ ဝင်များအနေဖြင့် အာဆီယံညှိနှိုင်းရေးရုံး (AHA Centre)နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းစဥ်များအား သုံးသပ်ဆွေးနွေးပြီး အရပ်သားကာကွယ်ရေးလုပ်ငန်းစဥ်များအားလည်း နည်းလမ်းရှာဖွေလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံရေးပဋိပက္ခများကြောင့် တိုင်းပြည်နေရာအနှံ့အပြားတွင် အကူအညီများ လိုအပ်နေသောကြောင့် PPST အနေဖြင့်လည်း အကူအညီ တကယ်လိုအပ်နေ သောနေရာများသို့ အထောက်အပံ့များ ရောက်ရှိရန် အာဆိယံနှင့်ဖြစ်စေ သက်ဆိုင်ရာဖြင့်ဖြစ်စေ လက်တွဲလုပ်ဆောင်နေကြောင်း PPST ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ အာဆီယံနဲ့လူသားချင်းစာနာရေးလုပ်ငန်းစဥ်တွေလုပ်ဆောင်နေတာ အခုမှ မဟုတ်ပါဘူး။ Project အရကတော့ ဆက်သွားနေတဲ့ပုံစံဖြစ်တယ်။ NCA အနှစ် သာရ(၃)ရပ်နဲ့ ဆက်စပ်မှုရှိတဲ့အတိုင်း AHA အနေနဲ့ ကျနော်တို့ NCA အဖွဲ့အသီး သီးရဲ့ ဒေသမှာရှိနေတဲ့ လူသားချင်း စာနာရေးကိစ္စရပ်တွေကို ကူညီပေးနိုင်အောင် ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ ခုနှစ်ဖွဲ့စလုံး တော့ ပူးပေါင်းပြီး လုပ်ဆောင်နေ တာမဟုတ်ဘူး။ ကိုယ်ရဲ့နယ်မြေအလိုက် လိုအပ်တဲ့အကူ အညီတွေကို တစ်ဖွဲ့ချင်းဆီက သက်ဆိုင်ရာအဖွဲ့စည်းနဲ့ဖြစ်ဖြစ် အာဆီယံနဲ့ပဲဖြစ်ဖြစ် ညှိနှိုင်းပြီး လုပ်ဆောင်နေတာပါ။” ဟု ပြောသည်။

Photo: NCA-S EAO

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များ၏နယ်မြေမဟုတ်သော်လည်း အကူအညီ လိုအပ်နေ သောနေရာများတွင် လိုအပ်သည့်အထောက်အပံ့ရရှိရန်လည်း ကြိုးပမ်းနေသလို လက်ရှိလူ သားချင်းစာနာရေးအကူအညီများအား မိမိတို့တတ်နိုင်သည့် အတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက်နေကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်လက်ပြောဆိုသည်။

PPST အစည်းအဝေးထုတ်ပြန်ချက်တွင် မေလတတိယအပတ်ကဖြစ်ပွားခဲ့သော မိုခါ ဆိုင်က လုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုူံးမှုများဖြစ်ပေါ်စေခဲ့သည့် ရခိုင်ပြည် နယ်နှင့် အခြားမုန် တိုင်းဒဏ်သင့်ဒေသများအတွက် အရေးပေါ်ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင်လည်း NCA (၇)ဖွဲ့အနေဖြင့် တတ်နိုင် သလောက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သလို NCA အနှစ်သာရ (၃)ရပ် အပေါ်ရပ်တည်၍ ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

အလားတူ မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကပ်ဘေး တစ်ရပ်ကို ရင်ဆိုင်နေရပြီး အာဆီယံအနေဖြင့် အကူအညီများပိုမိုပေးနိုင်ရန် ကုလ သမဂ္ဂအပါအဝင် ပြင်ပရှိမိတ် ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် NCA အပစ်ရပ်အဖွဲ့တွင် ယခင်ကပါဝင်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က ကရင်နီအမျိုး သားတိုးတက်ရေးပါတီ-KNPP၊ အမျိုး သားညီညွတ်ရေးအစိုးရ-NUG တို့နှင့်ပူးပေါင်း၍ ပြီးခဲ့သည့် မေလ(၁၀)ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

PPST အဖွဲ့ဝင်ဖြစ်သော မွန်ပြည်သစ်ပါတီ-NMSP အနေဖြင့်လည်း PPST ၏ တင်းပြည့်ကျပ်ပြည့် လုပ်ငန်းစဥ်များမှ နုတ်ထွက်၍ ပူးပေါင်းအဖွဲ့ အနေဖြင့်သာဆက်လက်ရှိနေရန် စာတင်ထားသလို ယခုကျင်းပပြီးစီးသွားခဲ့သော ထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင်လည်း ကျန်ရှိ NCA-EAOs အဖွဲ့ဝင်ခေါင်းဆောင်များတက်ရောက်ခဲ့သော်လည်း NMSP မှ လေ့လာသူအနေဖြင့် ကိုယ်စား လှယ်(၂)ဦးသာ တက်ရောက်ကြောင်း အစည်းအဝေးတက်ရောက်သူများမှ သိရသည်။