Home သတင်း မဲဆောက်တွင် စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့်နေရာတစ်ခုတွေ့ရှိ၊ လုပ်ကိုင်နေသူများကို စုံစမ်းရှာဖွေနေ

မဲဆောက်တွင် စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့်နေရာတစ်ခုတွေ့ရှိ၊ လုပ်ကိုင်နေသူများကို စုံစမ်းရှာဖွေနေ

1060
Photo:Crd.

မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မဲဆောက်မြို့၊ မယ်ပရပ်ကွက် အိမ်ယာဝင်းတစ်နေရာတွင် မေလ ၁၄ ရက်က စစ်လက်နက်ပစ္စည်းထုတ် လုပ်နေသည်ဟု ယူဆရသည့် အိမ်တစ်လုံးကို မဲဆောက်အာဏာပိုင်အဖွဲ့စုံက ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ယနေ့ မေလ ၁၅ ရက်တွင် ထပ်မံဝင်ရောက်စစ်ဆေး စုံစမ်းမေးမြန်းမှုများလုပ်ဆောင်နေသည်ဟု သိရသည်။

ယမန်နေ့ မေလ ၁၄ ရက်တွင် မာလွေလုံးချင်းအိမ်ယာဝင်းရှိ နေအိမ်တစ်လုံးအတွင်း မီးလောင်မှုဖြစ်ရာ ကနေ မဲဆောက်အာဏာပိုင်နှင့် မီးသတ်ဌာနကတာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်ရာတွင် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နေမှုကိုတွေ့ရှိ သိမ်းဆည်းစစ်ဆေးလုပ်ဆောင်ခဲ့ပြီး အခင်းဖြစ်နေ အိမ်၌ နေထိုင်သောလူများကို မတွေ့ရှိသောကြောင့် အနီးအနားရှိ မြန်မာနိုင်ငံသားများကို ယနေ့ မေလ ၁၅ ရက်နံနက်ပိုင်းတွင် ထပ်မံလာရောက်စစ်မေးမှုများ လုပ်ဆောင်နေသည်ဟု မယ်ပရပ်ကွက်နေ ထိုင်သည့် သတင်းအရင်းအမြစ်က ပြောသည်။

“မနေ့ အဲ့အိမ်က မီးလောင်တာဖြစ်တယ်၊ လူတွေထွက်ပြေးကြတယ်၊ တောမောင်းတို့၊ ရဲတို့ မီးသတ်တို့ လာစစ်တော့ ဘယ်သူမှမရှိကြတော့ဘူးဆိုတော့ ဘေးအိမ်တွေက လူတွေ ၊ ရပ်ကွက်တိုက်တန်းက လူတွေကိုစစ်ဆေးတယ်၊ ဒီမနက်လည်း ထပ်လာစစ်တယ်၊ မီးလောင်တဲ့ အိမ်ကလူတွေက စက် ပစ္စည်းတွေနဲ့ လက်နက်လုပ်နေတယ်ဆိုတာ တွေ့သွားပြီး လုပ်ကိုင်ကြတဲ့ သူတွေမမိတော့ ပတ်ဝန်း ကျင်က အခန်းတွေ၊ အိမ်တွေဝင်စစ်တာမှာ အွန်လိုင်းပစ္စည်းမှာပေးတဲ့လုပ်ငန်းလုပ်တဲ့ လူငယ်တစ် ယောက်အခန်းက သေနတ်မှာသုံးတဲ့မှန်ပြောင်းတွေတွေ့လို့ ဖမ်းသွားတာတော့ရှိတယ်”ဟု ၎င်းသတင်း အရင်းအမြစ်က ပြောသည်။

Photo:Crd.

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စစ်အာဏာသိမ်းဖြစ်စဥ်နှင့် ဒေသအတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်တိမ်းလာကြသူ မြန်မာနိုင်ငံသားအချို့ ခိုလှုံနေထိုင်မှုရှိနေသည့်နေရာ ရပ်ကွက်ဘက်တွင် ထိုကဲ့သို့ စစ်လက်နက်ထုတ်လုပ်နေသည့်ကိစ္စမှာ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းက လုပ်ဆောင် သည်ကို ပတ်ဝန်းကျင်နေအိမ်များမှ မသိရှိကြကြောင်း မဲဆောက် ရွှေ့ပြောင်းမြန်မာပြည်သားများအရေး ဆောင်ရွက်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။

“အခုက အဲ့လို စက်ပစ္စည်းတွေနဲ့ လက်နက်ထုတ်နေတာ မြန်မာလား၊ ထိုင်းလူမျိုးလားဆိုတာပတ်ဝန်း ကျင်ကလူတွေမသိကြဘူး၊ မီးလောင်တာ ဖြစ်တော့မှ ဒီလိုမျိုးတွေလုပ်နေတယ်ဆိုတာ သိကြတာမျိုး၊ အခုလုပ်ကြတဲ့သူတွေ မမိတော့ ထိုင်းအာဏာပိုင်တွေ ပိုပြီးစစ်ဆေးရှာဖွေတာတွေ ဆက်လုပ်မယ့် သဘောတော့ ရှိနေတယ်၊ ထိုင်းရွေးကောက်ပွဲ ကာလဆိုတော့ အထောက်အထားမဲ့ နေထိုင်သူတွေ သွားတာလာတာ သတိထားနေထိုင် ကြစေချင်တယ် ”ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ယမန်နေ့က အခင်းဖြစ်စဥ်အပြီး မဲဆောက်မြို့တွင်း၊ မြို့ပြင်နေရာများတွင် ထိုင်း အာဏာပိုင်အဖွဲ့များ စစ်ဆေးမှုများလုပ်ဆောင်နေပြီး ရွှေ့ပြောင်း မြန်မာများနေထိုင်ကြသည့် ရပ်ကွက် များကို ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်လာနိုင်သည်ဟု မဲဆောက်မြို့အုပ်ချုပ်းရေးဌာနနှင့် နီးစပ်သူများက ပြောဆိုကြသည်။