Home သတင်း ထားဝယ်မြို့တွင် ယာဉ်ထိန်းရဲနှင့်စစ်သားများ ယာဉ်များကိုဖမ်းပြီးငွေညှစ်တောင်းခံမှုများ ပြုလုပ်နေ

ထားဝယ်မြို့တွင် ယာဉ်ထိန်းရဲနှင့်စစ်သားများ ယာဉ်များကိုဖမ်းပြီးငွေညှစ်တောင်းခံမှုများ ပြုလုပ်နေ

1045

မေလ ၂၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် ယာဉ်ထိန်းရဲနှင့်စစ်သားများ ပူးပေါင်းကာ ယာဉ်များကို လိုက်လံ ဖမ်းဆီးမှုများပြုလုပ်ပြီး တရားမဝင်ငွေညှစ်တောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ထားဝယ်မြို့ခံ များထံမှ သိရသည်။

ယာဉ်ထိန်းရဲများနှင့်စစ်သားများပူးပေါင်းကာ ယခင်က မီးပွိုင့်နေရာများ နှင့် လမ်းဆုံလမ်းဂွများတွင်သာ ဂိတ်ချဖမ်းဆီးငွေညှစ်တောင်းခံမှုများကို ပြုလုပ်လေ့ရှိသော်လည်း ယခုရက်ပိုင်းများတွင် ကားများဖြင့် အိမ်ကြားများနှင့်လမ်းကြားများအထိ အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ထားဝယ်မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “အရင်ကဆိုမီးပွိုင့်တို့၊ လမ်းဆုံလမ်းဂွတွေမှာပဲဖမ်းတာ။ အခုကျတော့ အိမ်စီးကားတွေနဲ့ အိမ်ကြားထဲ တွေလမ်းကြားထဲတွေကိုလိုက်သွားပြီး အချိန်မရွေးဘဲဖမ်းပြီးခေါ်သွားကြတယ်။ မြင်တာနဲ့ဖမ်းပဲ။ အဓိကကတော့ စစ်သားနဲ့ယာဉ်ထိန်းရဲတွေ လိုက်ဖမ်းတာများတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ လိုက်လံ ဖမ်းဆီးမှုများတွင် ဖမ်းခံရသူများ အနေဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွား ခံရပြီး အမှုတစ်ခုလျှင်ငွေကျပ် အနည်းဆုံး (၃၀,၀၀၀) ကျပ်မှ (၅၀,၀၀၀) ကျပ်အထိ ပေးဆောင်နေရပြီး အကြောင်းမဲ့ ပြစ်မှုရှာဒဏ်ငွေ ရိုက်ခြင်းများ ပြုလုပ်နေကြောင်းလည်း မြို့ခံများက ဆိုသည်။

လတ်တလောတွင် ထိုသို့ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်လာရာတွင် အဖမ်းဆီးခံရသူ များပြားလာသဖြင့် မြို့တွင်း သွားလာသူများနည်းပါးလာကြောင်းလည်း အမည်မဖော်လိုသူ နောက်ထပ် ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။

“ဦးထုပ်မဆောင်းလို့ဖမ်းတယ်ဆိုရင် တစ်မျိုးပေါ့။ ဆိုင်ကယ်ဘီးလေ လေလျော့လည်း ပိုက်ဆံပေးရတာပဲ။ သက်သက်ငွေညှစ်တဲ့သဘောပေါ့။ တစ်နေ့ တစ်နေ့ ဖမ်းခံထိတဲ့ သူတွေ များတော့၊ အခုနောက်ပိုင်း ဘယ်သူမှသိပ်အပြင်မထွက်ရဲကြတော့ဘူး။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အလားတူ ထားဝယ်မြို့ပေါ်တွင် ရှောင်တခင်ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများကို ရပ်နားထားရာမှ ယခုရက်ပိုင်းများအတွင်း ပြန်လည်လုပ်ဆောင်လာနေကြောင်းလည်း ထားဝယ်မြို့ခံများက ဆိုသည်။