Home သတင်း စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြောက်ပိုင်း ကျေးရွာဒေသခံ နေအိမ်ပျက်စီးမှု ပိုများလာနေ

စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြောက်ပိုင်း ကျေးရွာဒေသခံ နေအိမ်ပျက်စီးမှု ပိုများလာနေ

674
Photo: CJ

မေလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့မြောက်ဘက် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ နယ်မြေအတွင်းကျေးရွာများဘက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးမှုပိုအဖြစ်များလာနေ ကြောင်း ဒေသခံရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလနှင့် ယခု မေလအတွင်း ကော့ကရိတ်တောင်ပိုင်း ကျေးရွာများ ဘက်နှင့် ကျုံဒိုး၊ တောင်ကြာအင်း ကျေးရွာများဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုဆက်ရှိနေသော်လည်း ကော့ကရိတ်မြောက်ပိုင်း ကျေးရွားများ ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများဘက် ခလရ ၉၇ စစ်တပ်မှ နေ့/ည လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်ဝင်လာတာ မရှိဘဲ ရွာတွေဘက် လက်နက်ကြီးပစ်ထုတ်တယ်။ တစ်ပြိုင်ထဲ ၄၊ ၅လုံးကျပေါက်သံကြားရတယ်။ စော်ဟဲ၊ လှိုင်စိမ်း၊ ရန်ကုတ် ဘက်တွေ ညတိုင်းပစ်တယ်။ ရွာသားက အိမ်တွေမှာ ပြန်မအိပ်တော့ ထိခိုက် တာတော့ မရှိဘူး။ အိမ်တွေပျက်ခြံတွေပျက်တာ များနေပြီ။ တစ်ဆယ်နှစ်ဆယ် လောက်ရှိလာပြီ။ လုပ်စားကိုင်စားလို့လည်းမရ၊ သွားလာလို့လည်း မရဖြစ်နေ တာကြာလာပြီ။ ဒီနှစ်ရွာသားတွေ လယ်ပြန်စိုက်ဖို့တောင် မရဲကြဘူး ”ဟု ၎င်းရွာသားက ပြောသည်။

ကော့ကရိတ်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင်မူ မကြာသေးခင်က စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရသည့် စီးပွားရေးလုပ်ငန်းရှင်၊ နာရေးကူညီမှုအသင်း၊ NLD ပါတီ ဝန်းရံသူနှင့် စစ်တပ်ဆန္ဒပြခဲ့သူများအပါအဝင် လူ ၃၀ ကျော်မှ နာရေးကူညီမှု အ သင်း တာဝန်ရှိသူအချို့ နှင့် စစ်တပ်နှင့် နီးစပ်သည့်လုပ်ငန်းရှင်တချို့ ပြန်လည် လွတ်မြောက်လာသည်ဟု မြို့ခံများ ပြောစကားအရ သိရသည်။

Photo: CJ

“မြို့က ဖမ်းခံအစစ်ခံနေရတဲ့သူတွေကတော့ စစ်တပ်နဲ့ နီးစပ်သူတွေကတော့ ပြန် လွတ်တယ်ကြားတယ်၊ နှစ်ယောက် ၃ ယောက်လောက်ပေါ့။ ကျန်တဲ့သူ တွေကတော့ မလွတ်သေးဘူး။ ဆက်ဖမ်းမယ်ဆိုတာလဲကြားတော့ ရှောင်နေကြ တာတွေလည်း ရှိတယ်၊ ”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

လတ်တလော ကော့ကရိတ် မြို့ပတ်ဝန်းကျင်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သည် ကျေးရွာများဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ မြို့တွင်းစစ်တပ်အုပ်ချုပ်သည့်နေရာများအား လာရောက်တိုက် ခိုက်မခံရစေရေး နေ့စဥ်/ ညစဥ် လက်နက်ကြီးခြောက်လှန့်ပစ်ခတ်နေရသည့် အ ခြေအခြေမှာ လနှင့်ချီ ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

ကော့ကရိတ် မြို့နယ်အတွင်းတွင် စစ်တပ်နှင့် BGF တပ်များသည် ကျေးရွာနှင့် မြို့ ပေါ် ဆက်သွယ်သွာလာမှုနှင့် စားသောက်စရာသယ်ဆောင်ရောင်းဝယ်မှုအပေါ် စစ်ဆေးတင်းကြပ်မှုများ လုပ်ဆောင်နေသည့်အတွက် ဒေသတွင်း ပြည်သူ ၁၀,၀၀၀ ခန့်မှာ လူမှုစီးပွားဘဝများ ပိုမိုခက်ခဲလာနေကြောင်း ဒေသအတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။