Home သတင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သံတောင်မြို့ရှိ ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီး

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သံတောင်မြို့ရှိ ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီး

798
Photo: CJ

မေလ ၂၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်(၁၃)မိုင်မြို့တွင် မေလ(၂၁)ရက်နေ့က စစ်ကောင်စီ၏ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်(၃) အောက်ပိုင်းရှိ Sunday School ဘုရားကျောင်းနံရံများကျည်စထိမှန်ပြီး ခေါင်မိုးများ ပြိုကျပျက်စီးခဲ့ကြောင်း သံတောင်မြို့ခံများမှ သိရသည်။

အဆိုပါနေ့နံနက်ပိုင်း(၉)နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်များသည် သံတောင်မြို့ တွင်းသို့ အကြောင်းမဲ့လက်နက်ကြီး(၄)လုံးပစ်ခတ်ခဲ့ရာ လက်နက်ကြီး(၂)လုံးမှာ စိုက်ပျိုးခြံမြေများ အတွင်းကျရောက်၍ ကျန်(၂)လုံးမှာ Sunday School ဘုရားကျောင်းငယ်တည်ရှိရာ ကျရောက် ပေါက်ကွဲခဲ့သော်လည်း ကျောင်းတက်နေသူမရှိ၍ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “လက်နက်ကြီးကျည်စထိမှန်တဲ့ကျောင်းက ဘုရားကျောင်းကြီးတစ်ခုအောက်မှာ ရပ်ကွက်အလိုက်သွားတဲ့ ဘုရားကျောင်းငယ် Sunday School တွေထဲက တစ်ခုပေါ့နော်။ တနင်္ဂနွေနေ့တိုင်း မနက်(၇)နာရီခွဲကနေ (၈)ခွဲအထိကျောင်းရှိပါတယ်။ များသော အားဖြင့်က အသက်(၁၆)နှစ်အောက် ကလေးလေးတွေပဲ တက်ကြတာများတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရ သူမရှိသော်လည်း ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်နေကြရကြောင်း အဆိုပါ အမျိုးသမီးက ဖြည့်စွက် ပြောဆိုသည်။

ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင်လည်း သံတောင်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း မှ အင်အား(၂၀)ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့က သံတောင်မြို့ခံ အမျိုးသား(၇)ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ဟု စွပ်စွဲကာ လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သံတောင်မြို့ဘုရားကျောင်း တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းကြောင့် အဆိုပါနေ့ ညနေ(၇)နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။