Home သတင်း စစ်ကောင်စီတပ်အခြေချရာ နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြရန် KRF သတိပေးထုတ်ပြန်ထား

စစ်ကောင်စီတပ်အခြေချရာ နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြရန် KRF သတိပေးထုတ်ပြန်ထား

780

မေလ (၂)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် ယခုမေလမှစ၍ စစ်ကောင်စီတပ်၏ လက် အောက်ခံ အဖွဲ့အစည်းများ တည်ရှိရာ နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြရန် ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က ယမန်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးအင်အားစုအဖွဲ့များဘက်က စစ်ရေးအရှိန်အဟုန် တိုးမြှင့်လုပ်ဆောင် သွား မည်ဖြစ်သောကြောင့် နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဆက်နွယ်သည့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဌာနဆိုင်ရာအဆောက်အဦး စသည့်နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြရန် (KRF)က သတိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

KRF၏ ရဲဘော်တစ်ဦးက “အဓိက ကတော့ ပြည်သူကို ထိန့်လန့်စေချင်တာမျိုးမဟုတ်ပါဘူး။ ပြည်သူကို မထိ ခိုက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာပါ။ ဒီထုတ်ပြန်ချက်ကို ကျိုက်ထိုမြို့ကိုလည်ပတ်တဲ့ သူတွေကို လည်း သိရှိစေချင်ပါတယ်။ ကျနော်တို့ကတော့ ရှေ့ဆက်လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင် သွားပါတော့ မယ်။ ပြည်သူတွေထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လိုက်နာကြမယ်လို့ မျှော်လင့်ပါတယ်”ဟု ကေအိုင်စီသို့ပြော သည်။

ထို့အပြင် ယခုလို အသိပေး ထုတ်ပြန်ချက်အပေါ် ပြည်သူများအနေဖြင့် လိုက်နာခြင်းမပြုပဲ စစ်ကောင်စီ တပ်ရှိသည့်နေရာများတွင် သွားလာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း KRF ၏ ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

အဆိုပါ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များ စစ်ရေးဖော်ဆောင်ရာတွင် အရပ်သားပြည်သူများ ထိခိုက်မှုမရှိသေးကြောင်း မြို့ခံတစ်ဦးက ယခုလို ဆိုသည်။

“ပြည်သူတွေကတော့ စကစတွေနေတဲ့ အဆောက်အဦးနဲ့ ရှောင်နိုင်သမျှတော့ ရှောင်နေပါတယ်။ ကျနော် သိရသလောက်တော့ ဒီဘက်မှာက တော်လှန်ရေးတပ်ဖွဲ့တွေ Mission ဖော်ဆောင်တာ ပြည်သူထိခိုက်တာ မရှိသေးဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့များတွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နှင့် ရေးဘီလူးတပ်ဖွဲ့ စသည့်ပူးပေါင်းတပ်ဖွဲ့များက စစ်ရေး လှုပ်ရှားနေလျက်ရှိသည်။