Home သတင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားနေထိုင်ရာ နေရာများ ထိခိုက် ပျက်စီး

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားနေထိုင်ရာ နေရာများ ထိခိုက် ပျက်စီး

912

မေလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ အနောက်တောင်ဘက် လက်ခတ်တောင် ဘုရားကုန်း၊ ကျောက်တောင် ကျောက်မိုင်းကုန်းနေရာများဘက်ကိုယမန်နေ့ မေလ ၁၆ ရက်၊ ည ၁၀ နာရီကျော်နှင့် နံနက် ၃ နာရီအချိန်တို့တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် နှစ်ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် လက်ခတ်တောင်ခြေရှိ ရွှေမြင့်မိုလ်ရပ်ကွက်သစ် နေအိမ် အချို့နှင့် စိုက်ပျိုးရေးခြံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၁၁ ရက်ကတည်းက အဆိုပါ ဒေသကို စစ်တပ်ဘက်မှ ပြန်လည်ထိုးစစ်ဆင် တိုက် ခိုက်နေပြီး နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီမှ ယခုလို ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနယ်မြေသတင်းအရင်း အမြစ် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ညက ၁၀ နာရီကျော် တစ်ကြိမ်၊ မနက်ကြီး ၃နာရီလောက်နှစ်ကြိမ်ပေါင် ၅၀၀ ဗုံးကြီးတွေလာကြဲတယ်။ KNLA စစ်ကြောင်းတွေဘက်ကတော့ အထိအခိုက်တော့မရှိဘူး။ မေတ္တာလင်းမြိုင်ရွာနားက လက်ခတ်တောင်ဘုရားတောင်ခြေရွှေမြင့်မိုလ်ဦးကွက်သစ် ဘက်နဲ့ တောင်ယာခြံတွေဘက်ကို လေယာဥ်ဗုံးသီးကျပေါက်တယ်။ အိမ်တွေခြံတွေ ပျက်စီးတာရှိတယ်။ အရပ်သားထိခိုက်တာတော့ မသိရသေးဘူး။ လူတွေကတော့ လေး ကေကော်ဘက်တို့ သေ့ဘောဘိုးဘက်တို့ရှောင်နေကြတာများတယ်”ဟု ပြောသည်။

နှစ်လတာနီးပါးစစ်ရေး တိုက်ခိုက်မှုများရှိနေသည့် အဆိုပါ ကျောက်တောင် ကျောက်မိုင်း၊ ကျောက်ဂူ ဘုရားတောင်၊ လက်ခတ်တောင် နေရာများအား စစ်ကောင်စီ၏ မြဝတီ အခြေ စိုက် လက်နက်ကြီးကုန်းနေရာများမှတဆင့် လက်နက်ကြီးများ နေ့စဥ် ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

ထို့အပြင် မြေပြင်စစ်ကြောင်းထိုးမှုများကိုစစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ၁၀၂၂ တပ်ရင်းတို့ ပူးပေါင်း၍ စစ်ဆင်တိုက်ခိုက်နေရာမှ ယမန်နေ့ ညနေကလေကြောင်းဖြင့် ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

တစ်ပတ်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း၊ KNLA ပူးပေါင်းတပ်များဘက်မှ ရဲဘော် ၁ ဦးကျဆုံးပြီး ၁၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNLA ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

လတ်တလောတွင်လည်း စစ်ကောင်စီဘက်မှ အဆိုပါ တောင်ကုန်းနေရာများကို ပြန်လည်ရယူနိုင်ရန် မြေပြင်စစ်ကြောင်းထိုးမှုများအပြင် ဝေဟင်တိုက်ခိုက်မှုများဖြင့် အပြင်းအထန် ဝင်ရောက် တိုက်ခိုက် နေခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ၎င်းနေရာများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

“စစ်တပ်က လက်နက်ကြီးပစ်တာက ရွာတွေ၊ ကွင်းတွေ တောင်ယာ ကုန်းတွေ ဘက်ကို ကျည်ကျ တယ်။ သူတို့ကျောက်မိုင်း နေရာကို စစ်တပ် BGF က ပြန်ရဖို့ အင်အားဖြည့်လိုက်၊ တက်တိုက်လိုက်၊ ပြန်ဆုတ်လာလိုက်၊ လေယာဥ်ဗုံးကြဲခိုင်းလိုက် လုပ်နေတယ်။ အခုထိတော့ အဲ့ဒီတောင်ကြောကို ပြန်မရသေးဘူး။ ရွာသားတွေလည်း ပြန်သွားမနေရဲသေးဘူး။ မိုင်းတွေ ရှိနေတယ်။” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြဝတီမြို့ပြင် နေရာများတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေသည့်တဆက်တည်း မြဝတီမြို့ထဲတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးနေရာများကို စစ်တပ်၊ BGF တပ်၊ ပျူစောထီးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များက မြို့လုံခြုံရေးချ၍ တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။