မေလ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်မြေထဲတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလအထိ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ၊ BGF တပ်ဘက်မှ (၁,၁၈၈) ဦးသေဆုံးပြီး (၁,၇၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေးက ယနေ့မေလ ၁၁ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထို(၄)လတာ ကာလအတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် -KNDO ပူးပေါင်းတပ်ကြား တိုက်ပွဲကြီး တိုက်ပွဲ ငယ်ပေါင်း (၁,၆၄၂)ဖြစ်ပွားမှုရှိပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ တစ်ထောင် ကျော်ရှိ သည့်အထဲတွင် တပ်ရင်းမှူးအဆင့် (၄)ဦးနှင့် ဒု-တပ်ရင်းမှူးအဆင့်(၅)ဦးပါဝင်ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ တိုက်ပွဲများထဲတွင် KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၅၉)ဦးကျဆုံးပြီး (၁၉၆)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းလည်း ကေအဲန်ယူက ပြောသည်။
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ မြေပြင်တိုက်ခိုက်မှု နှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပေါင်း (၁၁၆)ကြိမ်အထိပြုလုပ်ခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဒေသခံအရပ်သားပြည်သူ ၅၅ဦး သေဆုံးခဲ့ရ ကြောင်းလည်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ၏ ၃ လတာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးအချိန်မှစတင်၍ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲတွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်ရေးလှုပ်ရှားမှုပိုမိုလုပ်ဆောင်လာသည့်တပြိုင်နက် လူ့အခွင့်အရေးချိုးဖောက်မှုလည်း တစ်ရက်ထက်တစ်ရက် ပိုမိုလုပ်ဆောင်နေသည့်အတွက်ကြောင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲရှိ အရပ်သားပြည်သူ (၄)သိန်းကျော် အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
၎င်းအပြင် အရပ်သားပြည်သူတစ်သိန်းကျော်သည် လုပ်ကိုင်စားသောက်သည့် လုပ်ငန်းခွင်များ ပျက်စီး ရပြီး စားဝတ်နေရေးအတွက် အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရကာ ၂၀၂၃ ခုနှစ် ထဲတွင် ပြည်သူလူထု ၈၅,၀၀၀ စာအတွက် လစဉ်စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေး နေရကြောင်းလည်း ကေအဲန်ယူက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အမိုးအကာ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးမလုံလောက်မှုများကြုံတွေ့နေရပြီး ၎င်းတို့အတွက် လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများလိုအပ်နေကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















