မေလ ၂၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီရန်စောင့်ဆိုင်းနေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ INGO/NGO နှင့် အခြားအဖွဲ့အစည်းများကို စစ်ကောင်စီအနေဖြင့် တားဆီးခြင်းမပြုဘဲ လွတ်လပ်စွာသွားလာကူညီခွင့်ပေးရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မေလ ၂၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုများ ခက်ခဲပင်ပန်းကြီးစွာဖြင့် လုပ်ကိုင် စားသောက် ရုန်းကန်နေရချိန်တွင် မေလ ၁၃ရက်မှ ၁၅ရက်နေ့အထိ ဖြစ်ပွားသည့် သဘာဝဘေး မိုခါမုန်းတိုင်းဒဏ်ကြောင့် ကြုံတွေ့နေရသည့် ပြည်သူလူထုများအတွက် တတ်စွမ်းနိုင်သည့်ဘက်မှ ဝိုင်းဝန်းဖြေရှင်းပေးကြရန်လိုအပ်ပြီး စစ်ကောင်စီအနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရန် ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ကျနော်တို့ အဓိကပြောချင်တာက အဲလို ကူညီလုပ်ဆောင်တဲ့အဖွဲ့တွေကို တားဆီးပိတ်ပင်ခြင်းခံရတဲ့ အတွေ့အကြုံတွေ အခြေအနေတွေ အဖြစ်အပျက်တွေရှိတဲ့အပေါ်မှာ အဲဒါကြောင့် အဲလိုမလုပ်ဖို့ ပြောချင်တာဖြစ်တယ်။ အဲလိုလုပ် ဆောင်တဲ့နေရာမှာလည်းဘဲ စစ်ကောင်စီဘက်က တားဆီး လုပ်ဆောင်တာကိုလည်း သတင်းထဲမှာ တွေ့နေရတယ်။ အဓိကပြောချင်တာက အဲဒီကိစ္စမျိုးကို လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်ကို ပြောချင်တာလည်းပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအရ လို အပ်သည့် နိုင်ငံတကာအကူအညီများကို လွတ်လပ်စွာ ကူညီဆောင်ရွက်ခွင့်ပေးဖို့ရန်နှင့် ပူးပေါင်း ဆောင် ရွက်မှု လိုအပ်နေကြောင်းကို ပြောချင်သည့်အတွက် ကေအဲန်ယူအနေဖြင့် ယခုကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ပဒိုစောကလယ်စေးက ဖြည့်စွက်ပြောဆိုသည်။

ဆက်လက်၍ မုန်တိုင်းဒဏ်သင့်ပြီး အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအပါအဝင် ရိုဟင်ဂျာဒုက္ခသည် စခန်းများတွင် အသက်ဆုံးရှုံးရသော ရိုဟင်ဂျာ ပြည်သူအမြောက်အများနှင့် အိုးအိမ်ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးရသည့် ပြည်သူများအတွက် KNU အနေဖြင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများကို ရခိုင်အမျိုးသားအဖွဲ့ချုပ် /ရခိုင်တပ်မတော် (ULA/AA) တို့ ဦးဆောင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းအသီးသီး၊ အစိုးရမဟုတ်သော အဖွဲ့(INGO /NGO) နှင့် ဒေသအ တွင်းရှိ လူမှုအခြေပြုအဖွဲ့အစည်းတို့နှင့်ပူးပေါင်းဆောင်ရွက်မှုရှိနေသည်ကို တွေ့ရှိနေရကြောင်း၊ ၎င်း အပြင် လိုအပ်သည့်အကူအညီများကို ပံ့ပိုးထောက်ပံ့ရန် ဖိတ်ခေါ်မှုပြုလုပ်ပြီး အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်၍ မိမိတို့ ပြည်သူများရှေ့တွင် မားမားမတ်မတ်ရပ် တည်နေသည့်အတွက် များစွာ ဂုဏ်ယူမိကြောင်းလည်း KNUက ပြောဆိုသည်။
ထို့အပြင် မတူညီသည့် လမ်းကြောင်းမှ လူသားချင်းစာနာထောက်ထားရေးအကူအညီများကို ပြည်သူလူထုထံသို့ ထိရောက်စွာ စီးဆင်းနိုင်ရန် ရခိုင်ပြည်သူ့အစိုးရအပါအဝင် အခြားသောသက်ဆိုင်ရာ အစိုးရများ နှင့်လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး ယခုအခက်အခဲကို ကျော်လွှားဖြတ်ကျော်နိုင်ရန်ကိုလည်း KNU က တောင်းဆိုသည်။
မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ် ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တွေမြို့အနီး ဖြတ်ကျော် ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စကိုင်းတိုင်းဒေသရှိ မြို့ရွာအများအပြား ပျက်စီးခဲ့ရကာ ခန့်မှန်းလူဦးရေ ၅ ဒသမ ၄ (၅.၄)သန်းကျော်ခန့် မုန်တိုင်းဒဏ်ခံစားခဲ့ရသည်ဟု ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အစီရင်ခံစာအရ သိရသည်။



















