Home သတင်း စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့

စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့

878
Photo: CJ

မေလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ -၁ ထိန်းချုပ်နယ်မြေ) သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ကျေးရွာအုပ်စုအတွင်းရှိ အရပ်သားများ နေထိုင်သည့် နေရာများသို့ ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် နှစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ထိုနေ့ စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးရှစ်လုံးအနက် တစ်လုံးသည် ပိန္နဲတောကျေး ရွာအုပ်စု၊ သာသနာကုန်းရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်အနီးကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကျည်စထိမှန် သေဆုံး၍ အသက်(၅)နှစ်အရွယ် ကလေး ငယ်တစ်ဦးနှင့်အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

၎င်းအပြင် လက်နက်ကြီးတစ်လုံးမှာ ပိန္နဲတောအထက်ရွာသို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံအမျိုး သားတစ်ဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့သလို ကျန်ရှိလက်နက်ကြီးများမှာလည်း အလယ်ရွာ၊ ဝမ်းဘဲအင်းရွာနှင့်ထီးညာလူရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ထိခိုက်ပျက်စီးမှုများ လည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုများကြောင့် လူထိခိုက်သေဆုံးမှုများရှိလာသဖြင့် ကျေးရွာနေဒေသခံများ လုံခြုံမှုကင်းမဲ့၍ အသက်အန္တရာယ်စိုးရိမ်ကြောက်လန့်မှုရှိနေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“လက်နက်ကြီးတွေပစ်ခတ်နေတော့ နေထိုင်သွားလာပြီး အလုပ်လုပ်ကိုင်ရတာ လုံခြုံမှုမရှိတော့ဘူး။ တချို့အိမ်ထောင်စုတွေဆိုရင်လည်း အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာဆွေမျိုးတွေ ဆီသွားနေကြတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ပိန္နဲတောရွာစစ်ကောင်စီတပ်စခန်းအား ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များ ဒရုန်းဖြင့် နှစ်ကြိမ်တိတိ သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးသေဆုံး၍ (၅)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နောက် စစ်ကောင်စီဘက်က ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

၎င်းက “တချို့ရွာသားတွေကတော့ လွတ်တဲ့နေရာသွားနေကြတယ်။ ရွာထဲကျန်နေသူတွေကလည်း လွတ်လွတ်လပ်လပ်အလုပ်လုပ်ကိုင်ရတာမျိုးမဟုတ်တော့ စီးပွားရေးကြပ်တည်းပြီး စားဝတ်နေ ရေးခက်ခဲလာတယ်။ ထွက်ပြေးတိမ်းရှောင်ရတဲ့အရေအတွက် တိတိကျကျတော့ ကျနော်တို့ ကောက်ခံနေဆဲပါ။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မတ်လ(၂၂)ရက်နေ့ကလည်း ပိန္နဲတောရွာစစ်ကောင်စီတပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီ တပ်၏လက် နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံခုနှစ်ထောင်ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို အစူးချောင်းကျေးရွာနှင့်နတ်ကြီးကျေးရွာတွင် မေလ(၁၅)ရက်နှင့်(၁၆)ရက် နှစ်ရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၆)ကြိမ်ဖြစ် ပွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။