မေလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေ ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်းသို့ မေလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူ တစ်သောင်းသုံးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ် ခလရ−၆၀ မှ တပ်ဖွဲ့ဝင်များသည် မူး(မုန်း)မြို့နယ်အတွင်းသို့ လက်နက်ကြီး ၃၆ လုံးခန့် ပစ်ခတ်ခဲ့ပြီး ၎င်းမြို့နယ်ရှိ ကျေးရွာများဖြစ်သော စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်း တော၊ ညောင်ပင် ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနှင့် ညောင်ပင်သာ စသည့်ကျေးရွာပေါင်း ၉ ရွာမှ ဒေသခံပြည် သူလူထု လူဦးရေ စုစုပေါင်း ၁၃,၉၉၁ ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကေအဲန်ယူ ခလယ်လွီထူ(ညောင်းလေးပင်)ခရိုင် မူးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်၏ ခမရ−၅၉၉၊ ခမရ−၅၉၀၊ တပ်မ−၄၄နှင့် ခလရ−၄၈ တပ်တို့မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ ပြည်သူ ၁ ဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေစဉ်အတွင်း အသက် (၁၄)နှစ်ရှိ မောင်းမင်းရဲဆက်သည် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး အသက် (၄၇)နှစ်ရှိ မလှစန်းနှင့် အသက် (၁၈)နှစ်ရှိ မောင်မြင့်မြတ်သူတို့လက်နက်ကြီးထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူ ၁၃,၉၉၁ ဦးသည် ဘေးလွတ်ရာသို့ထွက်ပြေးနေရခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများအတွင်းသို့ ဝင်ရောက်နေရာယူ တပ်စွဲထားလျက်ရှိကြောင်း ကေအဲန်ယူက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင်လည်း ကေအဲန်ယူ−တပ်မဟာ(၃)နယ်မြေရှိ တမာခေါ ကျေးရွာနှင့် တောင်စု(အနောက်)ဘက်ခြမ်းရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးဝင်ရောက် လာပြီး ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၂ ဦးကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု KNU က ထုတ်ပြန်ထားသည်။



















