Home သတင်း လေးကေကော်ဒေသ စစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ပြန်နိုင်ရေး ခက်ခဲနေဆဲ

လေးကေကော်ဒေသ စစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ပြန်နိုင်ရေး ခက်ခဲနေဆဲ

569

မေလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ပလောတပို့ စစ်ရှောင်စခန်းတွင် ခိုလှုံနေထိုင်ကြသည့် လေးကေကော် ဒေသ စစ်ဘေးရှောင် ၁,၂၀၀ ကျော်သည် စစ်ရှောင်ကာလ တစ်နှစ်ကျော်လာပြီဖြစ်သော်လည်း နယ်မြေတွင်း တည်ငြိမ်မှုမရှိသေးသောကြောင့် ယခုအချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

လေးကေကော်မြို့သစ်တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းက စတင်ဖြစ်ပွားသည့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော လေးကေကော်မြို့သစ် ရပ်ကွက်များတွင် နေထိုင်သူများအပါအဝင် အနီးအနား ကျေးရွာများမှ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများသည် ဖလူးလေးကျေးရွာအနီး ပလောတပို့နေရာ၌ ယာယီခိုလှုံရာနေရာအဖြစ် ထားရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လေးကေကော်မြို့သစ်အနီးရှိ မယ်ဝါးခီး၊ မယ်ထော်သလေး ဖလူးကြီး၊ ဖလူးလေး စသည့် ကျေးရွာများမှ ဒေသခံများသည် နေရပ်ပြန်နေပြီးဖြစ်သော်လည်း လေးကေကော်မြို့သစ် ရပ်ကွက်တွင်း နေထိုင်သူများသည် စစ်ရှောင်စခန်းထဲတွင်သာ ဆက်လက်နေထိုင်ရဆဲဖြစ်သည်ဟု အဆိုပါ စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။

“အခု လေးကေကော်မှာ ပြန်နေဖို့က နှစ်ဖက်တပ်ဘက်က ဘယ်သူမှ အာမခံတာမရှိတော့ ဒီလိုပဲဆက်နေပြီး အခြေအနေနားထောင်ကြရတာပေါ့။ ပြီးတော့ လေးကေကော်စစ်ရှောင်တွေနေတဲ့ စခန်းထဲမှာက လူဦးရေ ၁,၂၀၀ ကျော်ရှိသေးတယ်။ ကျန်တဲ့သူတွေကတော့ မြို့မှာတို့ တစ်ခြားရွာတွေမှာတို့ ပြောင်းရွှေ့နေကြတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် စစ်ရှောင်စခန်းတွင် နေထိုင်သည့်သူများသည် အဆောက်အဦးနှင့် စာသင်ကျောင်းဆောင်များ ဆောက်လုပ်ပြင်ဆင်နိုင်ရန်အတွက် အကူအညီလိုအပ်သေးကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် အဆိုပါ ယာယီစစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များသည် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် လာ မည့် မိုးရာသီတွင် စိုက်ပျိုးရေးလုပ်ကိုင်ရန် စီစဉ်နေသော်လည်း နယ်မြေမတည်ငြိမ်သည့်အတွက် အခက် တွေ့နေရကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူထံမှ သိရသည်။

“မိုးရွာတော့မယ်ဆိုတော့ သူတို့လည်း လုပ်ကိုင်စားသောက်ချင်ကြတယ်။ အခြေအနေကမကောင်းတော့ အခက်အခဲအရမ်းဖြစ်တာပေ့ါ။ စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ သူတို့ကိုနေရာအသစ်တွေရှာပေးထားတာရှိတယ်။ အကုန် တော့မဟုတ်ဘူး၊ တချို့စိတ်အားထက်သန်တဲ့သူ အဦးသုံးဆယ်၊ လေးဆယ်တော့ရှိတယ်။ ” ဟု အထက်ပါ စစ်ရှောင်တာဝန်ရှိသူက ဆက်ပြောသည်။

မြဝတီတောင်ဘက်ခြမ်းတွင် ဖလူးလေး(ပလောတပို့)၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဥူကလေ့ထနှင့် လယ့်ဟော် စသည့် နေရာ(၅)ခုတွင် စစ်ရှောင်စခန်းများထားရှိကာ အချို့သည် နေရပ်ပြန်နေထိုင်သော်လည်း တိုက်ပွဲ အချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်သည့်အတွက် အခြေအနေကြည့်ကာ ပြန်လည်နေထိုင်ကြရသည်ဟု သိရသည်။