Home သတင်း ဖားအံ စစ်ကောင်စီအကြီးအကဲများ လုံခြုံရေးအထူး တင်းကြပ်ပြီး သတိထားသွားလာပြနေရ

ဖားအံ စစ်ကောင်စီအကြီးအကဲများ လုံခြုံရေးအထူး တင်းကြပ်ပြီး သတိထားသွားလာပြနေရ

1149
Photo: KIC (ပုံဟောင်း)

မေလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ စစ်ကောင်စီအကြီးအကဲများသည် စစ်တပ်အရာရှိများလုံခြုံရေးအထူး သတိ ထားပြီး နယ်မြေကွင်းဆင်းခြင်းနှင့် အခမ်းအနားတက်ရောက်ခြင်းများတွင် ရေဒီယိုလှိုင်းစနစ်ဖြင့် တိုက်ခိုက်ခံရမှာကို အထူးသတိထားသွားလာနေကြရကြောင်း ဖားအံစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်တိုက်ခိုက်နေသူများက စစ်အာဏာရှင် လက်အောက်ခံသူများကို မြို့ပြနှင့် ပြည်နယ်၊ တိုင်းအချို့တွင် တိုက်ခိုက်ခံရမှုများ ခပ်စိပ်စိပ်ရှိလာ နေခြင်းကြောင့် ဖားအံစစ်ကောင်စီ အကြီးအကဲနှင့် စစ်တပ်ဒုတိုင်းမှူးအပါအဝင် စစ်တပ်နှင့်ဌာနဆိုင်ရာ များသွားလာရာတွင် ရေဒီယိုလှိုင်းအသုံးပြုတိုက်ခိုက်မခံရအောင် ရေဒီယိုလှိုင်းဖြတ်စက်မျိုးစုံ တပ်ဆင် ထားသည့်ကားများဖြင့် သတိထားသွားလာနေရကြောင်း စစ်ကောင်စီဝန်ထမ်းသတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “သူတို့လူကြီးတွေသွားမယ့် နေရာတွေကို တစ်ပတ်လောက်ကတည်းက လုံခြုံရေး ပုံစံအမျိုးမျိုး နဲ့နေရာယူထားပြီ။ လာရင်လည်း ဒရုန်းဖျက်ကား၊ ဖုန်းလိုင်းဖျက်ကား (junper) ဂျန်ပါ ကားကို ရှေ့ နောက် ၂ စီးပွိုင့်ကား၊ မီးတန်းကားတွေနဲ့ လမ်းကိုကာမောင်းပြီးမှ သူတို့လူကြီးကားက လိုက် မောင်းရ တယ်၊ ယာဥ်တန်းမှာ မီးစက်ကားလည်း ပါတယ်။ ရေဒီယိုလှိုင်းဖြတ်စက်တွေ က မီးအား ပြတ်လို့ မရဘူးဆိုတော့ အဝေးထိန်းစနစ်နဲ့ တိုက်ခိုက်ခံရမှာ သူတို့လူကြီးတွေကြောက်နေကြရတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ပြီး သွားလာနေခြင်းမှာ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်ဆန်းပိုင်းမှ စတင်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချူပ် (ရတခ) မှ ဒုစစ်တိုင်းမှုး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကိုယ်တိုင် ဖားအံမြို့ တပ်မ ၂၂ ခြေမြန်ဌာနချုပ် တပ်ဝင်းအတွင်းတွင် လာရောက်နေထိုင်၍ ကရင်ပြည်နယ်ဒေသအတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအား စစ်ဆင်တိုက်ခိုက်နေမှုများကို ကြီးကြပ် ကွပ်ကဲ အမိန့် ပေးနေ ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖားအံမြို့ရှိ အထင်ကရနေရာများဖြစ်သော ကြာအင်းတောင်၊ ဇွဲကပင်တောင်၊ ကော့ကသောင်နောင်လုံတောင်ကြား၊ မြိုင်ကလေးဘက်ကမ်း ဖားပုတောင်နေရာများဘက်တွင် စစ် ကောင်စီတပ် နှင့် BGF တပ်ဖွဲ့ဝင်များ လုံခြုံရေးတိုးမြှင့် ချထားမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

၎င်းအပြင် မြို့တွင်းမြို့ပြင် လှည့်ကင်း၊ ရပ်ကင်း၊ ကင်းပုန်း၊ အသွင်ယူသတင်းပေးများဖြင့် လှည့်လည် စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေသလို တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ဌာနဆိုင်ရာများ အနေဖြင့် လိုင်စင်မဲ့ကား ဖမ်းဆီးမှု၊ ဘေးတွဲဆိုင်ကယ်ဖမ်းဆီးမှု၊ ကျေးရွာများဘက်မှလာသည့် လူငယ် များအား ဖမ်းဆီးစစ်ဆေးမှုများမှ လာဘ်ငွေရယူနေသည့်လုပ်ရပ်များဖြင့် ဝင်ငွေကောင်းနေကြောင်း ဖား အံမြို့ခံများက ပြောသည်။