Home သတင်း ပုလောမြို့နယ်အတွင်း စစ်ဆေးရေဂိတ်များတွင် စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့် အသွင်ယူ စစ်ဆေးမှု များ ပြုလုပ်နေ

ပုလောမြို့နယ်အတွင်း စစ်ဆေးရေဂိတ်များတွင် စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့် အသွင်ယူ စစ်ဆေးမှု များ ပြုလုပ်နေ

1009

မေလ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ တံတားဂိတ်နှင့်စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့် အသွင်ယူ စစ်ဆေးမေးမြန်းမှုများကို တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိ ကြောင်း ကိုယ်တိုင် ကြုံတွေ့နေရသည့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်ဆေးတင်းကြပ်မှုများကို စတင်ခဲ့တာဖြစ်ပြီး ယခုနောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အသွင်ဆောင်ကာ အရပ်ဝတ်များဖြင့် အသွင်ယူ စစ်ဆေး တင်းကြပ်မှုများကို ပြုလုပ်လာကြောင်း ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသူ ဒေသခံတစ်ဦးကပြောသည်။

၎င်းက “သူတို့တွေက တစ်ခါတလေကျရင်အရပ်ဝတ်တွေနဲ့ တစ်ခါတလေကျရင် PDFယူနီ ဖောင်းတွေ ဝတ်ပြီးတော့ ဆန်တင်လာတဲ့ကားတွေ အဲ့လိုကားတွေကို ဒဏ်ငွေရိုက်တာ တွေလုပ်တယ်။ ဒါတွေက ပုလောတံတားက ဖြတ်ဖူးတဲ့သူတိုင်းသိတယ်။စစ်တပ်ကအဲ့လိုတွေ လုပ်နေတာ။ PDFကို အမည်ဖျတ် ခြင်တဲ့သဘောတွေကိုပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ကာ ဂိတ်ချစစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေ သောကြောင့် ကားလမ်းမများလည်း ပိတ်ခဲ့ရပြီး ခရီးသွားပြည်သူများအနေဖြင့် လိုရာခရီးကို အချိန်မီ မရောက် နိုင်ဘဲ နှောက်နှေးကြန့်ကြာမှုများကို ကြုံတွေ့ခဲ့ရကြောင်းအမည်မဖော်လိုသူ ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

“မနေ့ကဆိုရင်စစ်တပ်က သူတို့အထိုင်ချတဲ့ဂိတ်တွေ အကုန်လုံးကိုပိတ် လိုက်တယ်။ ဘာကြောင့်လဲ တော့ မသိဘူး။ သူတို့က တစ် နေ့ထက် တစ်နေ့ပိုဆိုးလာတယ်။ မလိုအပ်ဘဲ တအားစစ်ဆေးမှု တွေလုပ် တယ်။ အဲ့လိုလုပ်တော့ဒီနားနဲ့ဒီနားသွားတာတောင် အချိန်တော်တော်ပေးရ တယ်။ သူတို့ထင်တိုင်း လုပ်နေကြ တာ။” ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပုလောမြို့နယ်အတွင်းရှိ မကျည်းကုန်းဂိတ်၊ ပလမြို့ ရဲစခန်းအနီးက ဂိတ်နှင့် မြိတ်မြို့နယ်ရှိ သမုတ်ကျေးရွာအုပ်စုက သမုတ်ဂိတ်များကို နံနက် ၉ နာရီကနေ နေ့လည် ၂ နာရီခွဲ‌ လောက်အထိ စစ်ကောင်စီတပ်က ပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ခရီးနှောင့်နေးကြန့်ကြာမှုကို ဖြစ်ပေါ်ခဲ့သေးကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်များအရသိရသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ပုလောမြို့နယ်ရှိ ပုလောမြို့နှင့် ကျေးရွာတချို့တွင် ဆန်ရိက္ခာ သယ်ဆောင်ခွင့်များကို ပိတ်ပင်ထားသောကြောင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ စတင်ပြတ် လပ်နေကြောင်း ဒေသခံ များကပြောသည်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီ ဘက်က ဖြတ်လေးဖြတ်ပုံစံ ဖြတ်တောက်မှုများ ဆက်တိုက်လုပ်ဆောင် လာနေ ကြောင်းလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း အတည်ပြု ပြောဆိုသည်။