Home သတင်း ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံရသောလမ်း (၄)လမ်းအထိရှိလာ

ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံရသောလမ်း (၄)လမ်းအထိရှိလာ

817
Photo: CJ

မေလ ၂၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ကျိုက်ထိုမြို့ နယ်တွင် မေလ(၁၉)ရက်မှ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံရသော ကျေးရွာချင်းဆက်သွယ်ထားသည့်လမ်းပေါင်း (၄) လမ်းအထိရှိလာကြောင်း ကျိုက်ထိုမြို့ခံများက ပြောသည်။

ယမန်နေ့ မေလ(၁၉)ရက်နေ့ ညပိုင်းတွင် ကင်မွန်းချောင်းကျေးရွာနှင့်ဆောင်နိုင်ကြီးကျေးရွာသို့ ဆက် သွယ်ထားသည့် လမ်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘက်ဟိုးမြေတူးစက်ဖြင့် လာရောက် ဖျက်ဆီးခဲ့ပြီးနောက် မေလ(၂၀)ရက်နေ့တွင်လည်း ကျိုက်ထို-ကင်းမွန်းစခန်း ကားလမ်းမကြီးမှ ဝင်း ကလော၊ တံတားချောင်း၊ ဆောင်နိုင်ကြီး အစရှိသည့်ကျေးရွာများသို့ ဖြတ်သန်းသွားလာ၍ရသော အာရှလမ်းအား ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ထို့အတူ မေလ(၂၁)ရက်နေ့ညပိုင်းကလည်း လက်ပံလမ်းနှင့်သစ်ကွင်းလမ်းအားလည်း ထပ်မံ ဖျက်ဆီးခဲ့ပြီး ယခုအခါ ကျိုက်ထိုမြို့နယ်အတွင်း ဖျက်ဆီးခံရသည့်လမ်းစုစုပေါင်း (၄)လမ်းအထိ ရှိလာကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကျိုက်ထိုမြို့နယ်ကရွာတွေဘက်ကို ဆင်းတဲ့မြို့နယ်လမ်းမကြီးပေါ့ အဲဒီကနေ ကေအဲန်ယူ တပ်မဟာ(၁)ဘက်ကို သွားလာလို့ရတယ်။ အဲဒါကြောင့် အရင်ကျေးရွာ ချင်းဆက်ထားတဲ့ လမ်းတွေ လိုပဲ ဖျက်သွားတာ။ အခုလည်း ထပ်ဖျက်ဖို့လုပ်နေတယ်။” ဟု အဆိုပါ ဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဒေသခံများ ဖြတ်သန်းသွားလာရေးအတွက် အသုံးဝင်သောလမ်းများ စစ်ကောင်စီတပ်၏ ဖျက်ဆီးခံလိုက်ရသဖြင့် သွားရေးလာရေး ခက်ခဲသွားကြောင်း ကျိုက်ထိုမြို့ခံများက ပြောသည်။

အလားတူ ကေအဲန်ယူတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်းရှိ ကော့ကရိတ်မြို့ အဝင်လမ်းဖြစ်သော ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်း၊ ဘုန်းကြီးလမ်းများကိုလည်း စစ်ကောင်စီ တပ်များက ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကဖျက်ဆီးခဲ့သလို မေလ(၁၄)ရက်နေ့တွင် တောင်ကြာ အင်းလမ်းကို ထပ်မံဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သေးသည်။

ထိုသို့ လမ်းများဖျက်ဆီးခံရမှုကြောင့် ဒူးပလာယာခရိုင်အတွင်းရှိ တစ်နိုင်တစ်ပိုင်ဈေးရောင်း ဝယ်သူ များ၊ ဒေသထွက်ကုန်ရောင်းချသူများနှင့် ကျန်းမာရေးကိစ္စကြောင့် သွားလာဖြတ်သန်းမည့်သူများ အစရှိသည်တို့ ကူးသန်းသွားလာရေးအခက်ကြုံလာရပြီး မိုးရာသီတွင်လည်း သွားလာလုပ်ကိုင်ရ ပိုမိုခဲယဥ်းသွားမည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။