Home သတင်း အွန်လိုင်းမဲပေးရာတွင် ဝင်ရောက်နှောင့်ယှက်မှုရှိသောကြောင့် KNU ရွေးကောက်ပွဲ အထမမြောက်

အွန်လိုင်းမဲပေးရာတွင် ဝင်ရောက်နှောင့်ယှက်မှုရှိသောကြောင့် KNU ရွေးကောက်ပွဲ အထမမြောက်

1457

ဧပြီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုသားအစည်းအရုံး၏ ဗဟိုအမြဲကော်မတီ ခေါင်းဆောင်သစ် ရွေးချယ်တင်မြောက်သည့် (၁၇) ကြိမ်မြောက်ကွန်ဂရက်တွင် အွန်လိုင်းမဲပေးရာမှာ ဝင်ရောက်နှောင့်ယှက်မှုများရှိ၍ ရွေးကောက်ပွဲ အထမမြောက်တော့ဘဲ ယနေ့ ရပ်နားလိုက်ရကြောင်း ကေအဲန်ယူ ခေါင်းဆောင် နှင့် နီးစပ်သူထံမှသိရသည်။

ကေအဲန်ယူဗဟို၏ အရံဗဟိုအမြဲတမ်းကော်မတီ ကိုယ်စားလှယ်(၄၅)ဦး ရွေးချယ်သည့်အချိန်တွင် မဲပေးခွင့် ရှိသည့် ကိုယ်စား လှယ်ဦးရေထက် မဲပေးသည့်အရေအတွက်ပိုများပြီး ကွာဟမှုရှိလာသည့်အတွက် ကွန်ဂရက်ကို ယာယီရပ်နားထားလိုက်ရခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲတက်ရောက်ခဲ့သည့် ကေအဲန်ယူ ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

“ရွေးကောက်ပွဲက ရပ်လိုက်ရတယ်။ နည်းပညာနဲ့ဝင်ရောက်နှောင့်ယှက်တာရှိလို့။ မဲပေးတဲ့ကိုယ်စားလှယ်က ၁၃၉ ယောက်ပဲရှိတယ်။ မဲပေးတဲ့အကြိမ်ကို ပြန်စစ်လိုက်တော့ ၂၀၀ ကျော်နေတယ်။ အဲဒါကြောင့် ဒီနေ့ မဲရွေး တာကိုရပ်လိုက်ရတယ်” ဟု ကေအိုင်စီသို့ပြောသည်။

(၁၇) ကြိမ်မြောက်ကေအဲန်ယူကွန်ဂရက်ကို ဧပြီလ ၂၄ရက်နေ့၌စတင်ကျင်းပကာ ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ (၂) နှင့် မူတြော်ခရိုင်တပ်မဟာ (၅) မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ဆွေးနွေးခဲ့ ကြသော် လည်း ဝင်ရောက်မဲပေးခြင်းနှင့် ရွေးကောက်ခံခြင်း မပြုကြဘဲ ကျန်ရှိသည့် ခရိုင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ကေအဲန်ယူ၏ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတက်ရောက်သူ (၇၅) ရာခိုင်နှုန်းပြည့်သည့်အတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

ကွန်ဂရက်တွင် ကေအဲန်ယူ၏ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးချုပ်၊ အထွေထွေအတွင်းရေးမှူး(၁) နှင့် (၂) စသည့် ကြီး၅ကြီးခေါင်းဆောင်များအပြင် အရံ ဗဟိုအမြဲတမ်းကော်မတီ၊ ဗဟိုအမြဲတမ်းကော်မတီ၊ အလုပ်အမှုဆောင် ကော်မတီ စသည်တို့ကို ပြန်လည် ရွေးချယ်တင်မြောက်ရမည်ဖြစ်သော်လည်း ယနေ့တွင် ကနဦး အရံ ဗဟို အမြဲတမ်း ကော်မတီ ရွေးချယ်ရန် မဲပေးရာသို့ ထိုသို့ အွန်လိုင်းဝင်ရောက်နှောင့်ယှက်မှု ဖြစ်ပေါ်ခဲ့ရ ခြင်းဖြစ် သည်။

အဆိုပါ ကေအဲန်ယူကွန်ဂရက်ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပကာ ကိုယ်စားလှယ် တစ်ရာကျော်ပါဝင်တက်ရောက် ဆွေးနွေးနေကြပြီး လက်ရှိ ကေအဲန်ယူ ဥက္ကဌ တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည်လည်း ယခုကျင်းပသည့် (၁၇) ကြိမ်မြောက်ကွန်ဂရက်တွင် ပါဝင်ရွေးကောက်ခံ ခြင်းမရှိတော့ကြောင်း သိရသည်။

(၁၆) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဧပြီလတွင်ကျင်းပခဲ့ပြီး ကေအဲန်ယူ၏ ဖွဲ့စည်း ပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက်ကို (၄)နှစ်တစ်ကြိမ်ကျင်းပရမည်ဖြစ်သည်။ သို့သော်လည်း ကိုဗစ် ကမ္ဘာ့ကပ် ရောဂါအခြေအနေကြောင့်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းပဋိပက္ခကြောင့် နောက်ထပ် (၂)နှစ်ကြာမှ ယခုလို ပြန်လည်ကျင်းပနိုင်ခြင်းလည်း ဖြစ်သည်ဟုသိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတွင် ဗဟိုအမြဲတမ်းကော်မတီဝင် (၅၅) ဦးနှင့် ဌာနပေါင်း (၁၄) ခုရှိပြီး အစည်းအရုံးအောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်မတော် (KNDO)နှင့်ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)ဟူ၍ လက်နက်ကိုင် အဖွဲ့ (၃) ဖွဲ့ရှိသည်။