ဧပြီလ၂၄ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပုလောမြို့နှင့် ကျေးရွာတချို့တွင် စစ်ကောင်စီက ရိက္ခာသယ်ဆောင် ခွင့်ကို ပိတ်ပင်ထားသောကြောင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ စတင်ပြတ်လပ်နေကြောင်း ဒေသခံ များကပြောသည်။
အာဏာသိမ်း စစ်ကောင်စီမှ ဆန်နှင့်အခြေခံစားသောက်ကုန်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်မှ စတင်ပြီး ယနေ့အချိန်ထိ ရိက္ခာသယ်ဆောင်ခွင့်ကို ကန့်သတ်တားမြစ်လိုက်သောကြောင့် ပုလောမြို့ပေါ်နှင့် မြို့ အနီးရှိကျေးရွာများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ စတင်ပြတ်လပ်လာနေ၍ အခက် အခဲ ကြုံတွေ့နေရကြောင်း ပုလောမြို့နယ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “သူတို့က ဟို့အရင်လကတည်းက ဘာမှပေးမသယ်တော့တာ။ PDFကိုထောက်ပို့တယ်ထင်ပြီး အဲ့လို ဘာရိက္ခာမှ ပေးမသယ်တော့ဘူး။ အခုဆိုမြို့ထဲမှာရော ရွာတွေဘက်မှာရော ဆန်တို့ ကြက်သွန်၊ ငါးသေတ္တာဗူး ကအစ ကုန်နေပြီး။ ပြီးတော့ ပုလောမှာက တိုက်ပွဲခဏခဏ ဖြစ်တော့ စစ်တပ်က ဖြတ်လေးဖြတ်နဲ့ လုပ်နေ တာ။” ဟု ကေအိုင်စီ သို့ပြောသည်။
စစ်ကောင်စီမှ ရိက္ခာသယ်ဆောင်မှုများအပြင် စက်သုံးဆီဖြစ်သော ဓာတ်ဆီ၊ ဒီဇယ် နှင့် ပရီမီယံ သယ်ဆောင်ခွင့် ကိုပါ ပိတ်ပင်ထား တာကြောင့် ဓာတ်ဆီကို ဝယ်ယူအသုံးပြုနေသော ဒေသခံများအနေဖြင့် အခက်တွေ့နေရ ကြောင်းလည်း အခြား ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ဓာတ်ဆီ၊ဒီဇယ်၊ပရီမီယံ အကုန်ဘဲ ပေးလည်းမသယ်ဘူး။ ဂိတ်ချထားပြီးတော့ကို စစ်တာ။ ဓာတ်ဆီဆိုင်တွေ ကိုလည်း မရောင်းခိုင်းတော့ဘူး။ စစ်တပ်က လိုက်ပြီး ခြိမ်းခြောက်တာတွေလုပ်တယ်။ တော်တော်ဆိုးဆိုးဘဲ။” ဟု ကေအိုင်စီ သို့ပြောသည်။
အလားတူ ပုလောမြို့အနီးရှိ ပလမြို့တွင် ဆန်သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ထားသော်လည်း အုပ်ချုပ် ရေးမှူးထောက်ခံ စာပါလျှင် ဆန်ဝယ်ခွင့်ရပြီး လူတစ်ယောက်လျှင် ဆန် နို့ဆီဗူး တစ်ဗူးသာ ဝယ်လို့ရကြောင်း ဒေသတွင်း သတင်း မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီ ဘက်က ဖြတ်လေးဖြတ်ပုံစံ ဖြတ်တောက်မှုများ ဆက်တိုက်လုပ်ဆောင် လာနေကြောင်းလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း အတည်ပြု ပြောဆိုသည်။



















