ဧပြီလ ၂၄ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲရှိ အစိုးရ ထောက်ပံ့မှု မရယူတော့သည့် ကိုယ်ထူးကိုယ်ထ အထက်တန်းကျောင်းတစ်ကျောင်းမှ Grade(12) အောင်မြင်သူများ၏ ကျောင်းဆင်းပွဲကို ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများထံမှသိရသည်။
ကျောင်းသူ၊ကျောင်းသား၏ တစ်နှစ်တာကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် အောင်လက်မှတ် ပေးအပ်ခြင်းအပြင် ထူးချွန်ကျောင်းသူကျောင်းသားများကိုပါ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း ကျောင်းဆရာ တစ်ဦးက ယခုလိုပြောသည်။
“ကျောင်းသားတွေ Grade 12အထက်တန်းအဆင့်အောင်မြင်ပြီး သက်ဆိုင်ရာ ကောလိပ်ကျောင်းတက်ဖို့ ထောက်ခံချက်အတွက်ကော သူတို့ရဲ့ တစ်နှစ်တာအတွင်း ကြိုးစားအားထုတ်မှုကိုပါ အသိအမှတ်ပြု တဲ့အနေနဲ့ အောင်လက်မှတ်နဲ့ ဆုပြန်လည်ချီမြှင့်ပေးတယ်” ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါ အထက်တန်းကျောင်းသည် ယခင် စစ်အာဏာသိမ်းမှုမဖြစ်ခင်ကာလက အစိုးရ၏ အလယ်တန်းအဆင့် ကျောင်းဖြစ်ခဲ့သော်လည်း အာဏာသိမ်းမှုကို လက်မခံသောကြောင့် ဒေသခံများမှ အစိုးရ၏ ထောက်ပံ့မှု အကူ အညီမရယူတော့ဘဲ ကိုယ်ထူကိုယ်ထ ကျောင်းအနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲ ရပ်တည် လာခဲ့ကြောင်းလည်းကျောင်းကော်မတီများက ပြောသည်။
ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်ရာ ဒူပလာယာခရိုင်အတွင်းတွင် ကိုယ်ထူကိုယ်ထ ကျောင်းများအနေဖြင့် ပြောင်းလဲရပ်တည်သွားသည့် ကိုယ်ထူကိုယ်ထ အထက်တန်း ကျောင်း (၅)ကျောင်း ရှိသည့်အနက် ယခု ကျောင်းသည့် လက်ရှိ ပညာသင်နှစ်၏ အောင်ချက် အကောင်းဆုံး ကျောင်းဖြစ်ခဲ့ကြောင်း လည်း ကျောင်းကော်မတီဝင်များကဆိုသည်။
ကျောင်းကော်မတီဥက္ကဌက”ဒီနှစ် ကျနော်တို့ အထက်တန်းကျောင်းက ကျောင်းသူ၊ကျောင်းသား (၆၃)ယောက်ရှိ တယ်။ ၄၇ အောင်သွားတယ်။ ဒူပလာယာခရိုင်အတွင်းမှာ အထက်တန်းကျောင်း (၅) ကျောင်းထဲမှာ ကျနော်တို့ ကျောင်းက Top 10 အောင်မြင်သူ (၆)ယောက်ရှိတယ်။ ကျောင်း ၅ကျောင်းထဲမှာအောင်ချက် အဆုံးကောင်းဖြစ် တယ်”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ အထက်တန်းကျောင်းသည် ယခင်က အစိုးရ၏ သင်ရိုးညွန်တမ်းကို ရယူ သင်ကြားခဲ့သော်လည်း ကိုယ်ထူ ကိုယ်ထ အနေဖြင့် ပြောင်းလဲ သတ်မှတ်ချိန်မှစ၍ KNU၏ ပညာရေးဌာနဖြစ်သည့် ကရင်ပညာရေးနှင့် ယဉ်ကျေး မှုဌာန(KECD)၏ ပညာရေးသင်ရိုညွန်တမ်းကို ရယူကာ ပြောင်းလဲ သင်ကြားပေးခဲ့ကြောင်းလည်း ကျောင်း တာဝန်ရှိ သူများထံမှ သိရသည်။
၎င်း အထက်တန်းကျောင်းကို စတင်ဖွင့်လှစ်သည့် ၂နှစ်တာကာလအတွင်းတွင် အခက်အခဲ လိုအပ်ချက် အမျိုးမျိုး ရှိခဲ့သလို လတ်တလောတွင်လည် ကျောင်းကို ရေရှည် ရပ်တည်လည်ပတ်သွားရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ကျောင်းကော်မတီဝင်များက ပြောသည်။
“ကျနော်တို့ အထက်တန်း ကျောင်းစတင်ဖွင့် လှစ်တာ (၂) နှစ်ရှိပြီး။ စတင်လုပ်တယ်ဆိုတော့ အခက်အခဲ လိုအပ် ချက်တွေအမျိုးမျိုးရှိတယ်။ အဓိက အခက်အခဲက ကျောင်းဆရာ၊ဆရာမအတွက်ပဲ။ သူတို့တွေ တချို့က အိမ်ထောင်သည်တွေရှိတယ်။ ဒါကြောင့် ပညာရေးတိုးတက်မြင့်မားဖို့အတွက်ဆို အဖွဲ့အစည်းတွေ ကျနော်တို့ ခေါင်းဆောင်တွေ နိုင်ငံတကာတွေ ကူညီထောက်ပံ့ပေးစေချင်တယ်”ဟု ကျောင်းကော်မတီဝင်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ကျောင်းဆင်းပွဲ အခမ်းအနား ကို KECD ပညာရေးတာဝန်ရှိသူများ၊ ကျောင်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းသား မိဘများ အစရှိသည့် လူဦးရေ စုစုပေါင်း (၈၀၀)ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်။



















